ကရင်ပြည်နယ်၊ မြဝတီ - ကော့ကရိတ် အာရှလမ်းပေါ် ကွမ်းခြံကုန်းအဆင်းတွင် ကော့ကရိတ်ဘက်မှ မြဝတီသို့ ပြောင်းဆန်များ တင်ဆောင်လာသည့် (၁၈)ဘီးတွဲယာဉ်(၁)စီး ယနေ့ဖေဖော်ဝါရီလ (၁၆)ရက်နေ့ နံနက်(၉)နာရီခွဲက တိမ်းမှောက်မှုဖြစ်ပွားကာ (၂)ဦး သေဆုံးသွားကြောင်း သိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား(၃)ဦး နှင့် အမျိုးသမီး(၁)ဦး စုစုပေါင်း (၄)ဦးအနက် အမျိုးသား(၁)ဦး နှင့် အမျိုးသမီး(၁)ဦး သေဆုံးသွားပြီး ကျန် အမျိုးသား(၂)ဦးမှာ စိုးရိမ်ရသည့် ဒဏ်ရာများရရှိသွား၍ သင်္ဃန်းညီနောင်မြို့သစ်လူမှုကယ်ဆယ်ရေးအသင်းမှ ယာဉ်ဖြင့် မြဝတီပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။
ယာဥ်တိမ်းမှောက်မှုကို မြဝတီခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သင်္ဃန်းညီနောင်နယ်မြေမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေယာဉ်(၁) စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။