စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့နယ် ချောင်းဝရွာအနီးတွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၇) ရက်နေ့က မြို့လှ PDF နှင့် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း သေဆုံး၊ ဒဏ်ရာရသည့် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယနေ့ ဖေဖေါ်ဝါရီလ (၈) ရက်နေ့ နံနက်ပိုင်းတွင် စက်လှေဖြင့် သယ်ဆောင်သွားကြကြောင်း သိရသည်။
ယမန်နေ့က အာဏာသိမ်းစစ်ကောင်စီတပ်မှ အင်အား (၁၀၀)ကျော်ခန့်ဖြင့် စစ်ကြောင်းချီလာစဉ် ညနေပိုင်း၌ မြို့လှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်မှုကြောင့် အာဏာသိမ်းစစ်ကောင်စီတပ်ဘက်တွင် အသေအပျောက်နှင့် ဒဏ်ရာရသူများ ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်းတွင် အဆိုပါ တိုက်ပွဲတွင်းမှ သေပျောက်၊ ဒဏ်ရာရသူများအား စက်လှေနှစ်စီးဖြင့် ချောင်းဝရွာရေဆိပ်မှ အထက်ဖက်သို့ အာဏာသိမ်းစစ်ကောင်စီတပ်က သယ်သွားကြကြောင်း သိရသည်။
ကသာမြို့နယ်တွင် ဖေဖော်ဝါရီလ (၆)ရက်နေ့ နံနက်ပိုင်းကလည်း နမ့်စမ်းရွာအနီးတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတို့ (၃)နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။