စစ်တပ်အနေဖြင့် အခြေခံဥပဒေအရ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုတွင် ပါဝင်နေရကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် ပြော

စစ်တပ်အနေဖြင့် အခြေခံဥပဒေအရ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုတွင် ပါဝင်နေရကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် ပြော
ဇူလိုင် 5, 2022 | အခြားဒေသများ

 အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်အနေဖြင့် လိုအပ်ချက်အရ ပါဝင်နေရသည်ကို မှန်မှန်ကန်ကန် သိရှိနားလည်ရမည်ဖြစ်ကြောင်း နှင့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင်နေရကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၎င်း၏ ဇနီးနှင့်အတူ ပုသိမ်ခရီးစဉ်အဖြစ် ရောက်ရှိစဉ် အာဏာသိမ်းရသည့် အကြောင်းအရင်းများကို ရှင်းပြရင်း ၎င်း၏ စစ်သည်များကို ပြောကြားခြင်း ဖြစ်သည်။

၂၀၂၂ခုနှစ် ဇူလိုင်လ(၄)ရက်နေ့က အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ပုသိမ်တပ်နယ်သို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရောက်ရှိစဉ် တပ်မိသားစုများကို တွေ့ဆုံပြီး ပြောကြားခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပုသိမ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများကို (၈၈၈၈)အရေးခင်း ဖြစ်စဉ်နှင့်ပတ်သက်၍လည်း "၁၉၈၈ ခုနှစ်၌ ပြည်သူလူထုအနေဖြင့် တစ်ပါတီအုပ်ချုပ်မှုကို မကြိုက်မနှစ်သက်ခြင်း၊ စီးပွားရေးကျဆင်းခြင်းတို့ကြောင့် တိုင်းပြည်၌ မငြိမ်မသက်မှုများ ဖြစ်ပေါခဲ့ကြောင်း၊ ၎င်းအခြေအနေအပေါ် နိုင်ငံရေးအဖွဲ့အစည်းများ ပြည်ပနိုင်ငံများ၏ မြှောက်ပင့်သွေးထိုးမှုများကြောင့် နိုင်ငံတော်ကြီး ပြိုကွဲပျက်စီးတော့မည့် အခြေအနေ သို့ ရောက်ရှိလာခဲ့သဖြင့် တပ်မတော်အနေဖြင့် နိုင်ငံတော်၏တာဝန်များကို ဝင်ရောက် ထိန်းသိမ်းခဲ့ရကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအား ဖျက်သိမ်း၍ စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်ခဲ့ရကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ပြည်ထောင်စုကြီး စည်းစည်း လုံးလုံးဖြင့် တည်ငြိမ်မှုရှိစေရေး တင်းတင်းကြပ်ကြပ်ဆောင်ရွက်ခဲ့ရသဖြင့် တပ်မတော် ၏ နိုင်ငံတော်၏တာဝန်ထမ်းဆောင်မှုအပေါ် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရေး အရ နာကြည်းမှုများ၊ နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်း၊ ယင်းနာကြည်းမှုများသည် ယခုအချိန်အထိ ကျန်ရှိနေသေးကြောင်း" အယုံသွင်း ပြောကြားသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အာဏာသိမ်းပြီးနောက် တပ်နယ်ခရီးစဉ်များတွင် ၎င်း၏ လက်အောက်ခံ စစ်သည်များနှင့်တွေ့ဆုံချိန်တိုင်း အာဏာသိမ်းရသည့် အကြောင်းအရင်းကို အမြဲလိုလို ရှင်းပြနေလေ့ရှိသည်။



#TachileikNewsAgency