မွန်ပြည်နယ်အတွင်း ကျိုက်ထိုမြို့နယ်၊ ရန်ကုန် - မော်လမြိုင်ကားလမ်း၊ မုပ္ပလင်တံတားဂိတ်စောင့် အာဏာသိမ်းစစ်ကောင်စီတပ်သားများကို ယနေ့ မတ်လ(၃၁)ရက်နေ့ နံနက်(၅)နာရီခွဲက ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၈)ဦးသေကာ အများအပြားဒဏ်ရာရကြောင်း သိရသည်။
အာဏာသိမ်းစစ်ကောင်စီ တပ်သားများ အထိုင်ချထားသည့် ယင်းဂိတ်စခန်းကို KNLA တပ်မဟာ (၁) နှင့် PDF တို့ပူးပေါင်းကာ မနက်(၅)နာရီခွဲမှ (၆)နာရီခွဲကျော်အထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကျွန်တော်တို့ဘက်က ရဲဘော်တစ်ဦး ကျတယ်။ နှစ်ဦး ဒဏ်ရာရတယ်။ အစောင့်စခန်းကို ဝင်ပစ်တာပါ။
ဟု ယင်း PDF တပ်ဖွဲ့မှ ရဲဘော်တစ်ဦးက Tachileik News Agency သို့ ပြောသည်။
အဆိုပါ ဂိတ်စောင့် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဖြတ်သန်းသွားလာသည့် ခရီးသွားယာဥ်များထံမှ ငွေတောင်းခံနေသော နေရာဖြစ်ကြောင်း သိရသည်။
ရန်ကုန် - မော်လမြိုင်ကားလမ်းကို ကားသွား၊ လာခွင့်ပိတ်ကာ စစ်ဆေးနေကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်ကအင်အား(၄၀)ဝန်းကျင် ထပ်ဖြည့်ကာ ကတုတ်ကျင်းများတူး၍ နေရာယူထားကြောင်း သိရသည်။
အာဏာသိမ်းစစ်ကောင်စီတပ်သားများ၏ အလောင်းများကို ဖောကားဖြင့် သိမ်ဇရပ်ဘက်သို့ သယ်ယူသွားကြပြီး ပစ်ခတ်မှုအပြီးတွင် စစ်ကောင်စီတပ်သားများက ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ နှစ်ဦး ထိမှန်သေဆုံးကြောင်း သိရသည်။