ကော်သူးလေအုပ်ချုပ်နယ်မြေတွင် ဇန်နဝါရီလအတွင်း တိုက်ပွဲ (၄၃၅)ကြိမ်ဖြစ်ပွားရာ စစ်ကောင်စီတပ်၏ ပူးပေါင်းအဖွဲ့ဘက်က (၃၉၉)ဦး သေဆုံးကြောင်း KNU ထုတ်ပြန်

Photo: KNU
Photo: KNU
ကော်သူးလေအုပ်ချုပ်နယ်မြေတွင် ဇန်နဝါရီလအတွင်း တိုက်ပွဲ (၄၃၅)ကြိမ်ဖြစ်ပွားရာ စစ်ကောင်စီတပ်၏ ပူးပေါင်းအဖွဲ့ဘက်က (၃၉၉)ဦး သေဆုံးကြောင်း KNU ထုတ်ပြန်
ဖေဖော်ဝါရီ 8, 2022 | အခြားဒေသများ

 ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး၏ ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း၌ ဇန်နဝါရီလ၏ တစ်လတာ ကာလအတွင်း အာဏာသိမ်းစစ်ကောင်စီ၏ ကျူးကျော် ထိုးစစ်များကြောင့် တိုက်ပွဲပေါင်း (၄၃၅)ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် နှင့် BGF တို့ဘက်က (၃၉၉)ဦး သေဆုံးသည်ဟု KNU က ယနေ့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၈)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)နှင့် အာဏာသိမ်း စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ် BGF တို့အကြား ၂၀၂၂ခုနှစ် ဇန်နဝါရီလ၏ တစ်လတာ ကာလအတွင်း တိုက်ပွဲပေါင်း (၄၃၅)ကြိမ်ဖြစ်ပွားခဲ့ရာမှ စစ်ကောင်စီ တပ်နှင့် BGF တို့ဘက်က (၃၉၉)ဦး သေဆုံးပြီး (၃၁၃)ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် KNLA နှင့် KNDO ဘက်က (၇)ဦးမှာ တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးကာကွယ်သွားခဲ့ရပြီး ဒဏ်ရာရရှိသူမှာ (၂၄)ဦးရှိသည်ဟု သိရသည်။

ကေအဲန်ယူ - မူတြော်ခရိုင် နှင့် ဒူးပလာယာခရိုင် ထိန်းချုပ်နယ်မြေများအတွင်းတွင်လည်း အာဏာသိမ်း စစ်ကောင်စီတပ်မှ ပြည်သူလူထုများနေထိုင်ရာ ကျေးရွာ နှင့် လုပ်ငန်းခွင်များ အတွင်းသို့ စစ်လေယာဉ်ဖြင့် ဗုံးကြဲမှုများ ရှိခဲ့သလို ကော်သူးလေဒေသတွင်း၌လည်း နေ့တိုင်းနီးပါး လက်နက်ကြီးများဖြစ် ပစ်ခတ်မှုများရှိသည်ဟု ထုတ်ပြန်ထားသည်။

 

အကြမ်းဖက် စစ်ကောင်စီတပ်၏ လက်နက်ကြီးများအပါအဝင် လေကြောင်း ပစ်ခတ် ဗုံးကြဲမှုများကြောင့် ပြည်သူပေါင်း (၁၂)ဦး သေဆုံးခဲ့ရပြီး (၃၂)ဦး ဒဏ်ရာရရှိခဲ့ကြောင်း နှင့် ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး၏ ဒူးသထူခရိုင် ၊ ညောင်လေးပင်ခရိုင် ၊ ဘိတ်ထားဝယ်ခရိုင်၊ မူတြော်ခရိုင် နှင့် ဒူးပလာယာခရိုင် များအတွင်းတွင်သို့ အာဏာသိမ်းစစ်ကောင်စီတပ်၏ ကျူးကျော်စစ်ရေးလှုပ်ရှားမှုကြောင့် ပြည်သူလူထုပေါင်း ခုနှစ်သောင်း ( ၇၀,၀၀၀ ) ကျော်သည် တောတောင်များအတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရကြောင်းလည်း သိရသည်။

#TachileikNewsAgency