သန်လျင်မြို့နယ်လျှပ်စစ်ရုံး ဗုံးခွဲခံရ

သန်လျင်မြို့နယ်လျှပ်စစ်ရုံး ဗုံးခွဲခံရ
ဇန်နဝါရီ 27, 2022 | အခြားဒေသများ

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ အာဏာသိမ်းစစ်‌ကောင်စီလက်အောက်ခံ သန်လျင်မြို့နယ်လျှပ်စစ်မန်နေဂျာရုံး ယနေ့ဇန်နဝါရီလ(၂၇)ရက်နေ့ ည(၈)နာရီမခွဲမီအချိန်က   ဗုံးခွဲခံရကြောင်း ဒေသခံများထံမှ သိရသည်။

မြို့နယ်လျှပ်စစ်ရုံးသည် အကြမ်းဖက်စစ်တပ်အတွက်  ပြည်သူများအပေါ် မတရားဖိနှိပ်ခြိမ်းခြောက် ကောက်ခံနေပြီး လျှပ်စစ်မီးများကို အတင်းလိုက်လံ ဖြတ်တောက်နေသည့်အတွက် မြို့ပြပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့(Urban Guerrilla Force Thanlyin - U.G.F Thanlyin) က အဝေးထိန်း ဗုံးဖြင့် ဖောက်ခွဲခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သန်လျင်မြို့ ဘုရားငါးဆူဘောလုံးကွင်းတွင် ဧည့်စာရင်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။ 

ဇန်နဝါရီလ(၂၄)ရက်နေ့ကလည်း သန်လျင်မြို့၊ အောင်မင်္ဂလာရပ်ကွက်၊ ဦးအောင်ဇေယျာလမ်းထိပ်ရှိ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စစစ)၏ အရာရှိ အိမ်ယာ  ဗုံးပေါက်ကွဲခဲ့သဖြင့် လာစစ်သည့် အကြမ်းဖက်စစ်‌ကောင်စီတပ် နှင့် လက်အောက်ခံ ရဲများရောက်လာချိန်တွင် ဗုံးနောက်တစ်လုံး ထပ်မံပေါက်ကွဲခဲ့ခြင်း‌ကြောင့် ရောက်ရှိလာသောရဲများ ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။