စစ်ကောင်စီ၏ လက်အောက်ခံများက ပြည်သူ့ဘက်တော်သားများအဖြစ် ဟန်ဆောင်ပြီး လှည့်လည်ဆဲဆို ကြွေးကြော်ကာ ပုံမှားရိုက်ပြီး နေအိမ်မီးရှို့နေ၍ ပြည်သူများ သတိထားကြရန် သပိတ်ကော်မတီက အသိပေး

စစ်ကောင်စီ၏ လက်အောက်ခံများက ပြည်သူ့ဘက်တော်သားများအဖြစ် ဟန်ဆောင်ပြီး လှည့်လည်ဆဲဆို ကြွေးကြော်ကာ ပုံမှားရိုက်ပြီး နေအိမ်မီးရှို့နေ၍ ပြည်သူများ သတိထားကြရန် သပိတ်ကော်မတီက အသိပေး
ဇန်နဝါရီ 22, 2022 | အခြားဒေသများ

"မင်းအောင်လှိုင် မအေလိုး၊ မအေလိုး မင်းအောင်လှိုင်"ဟုဆဲကာ ပြည်သူတစ်ဦး၏ နေအိမ်ကို အာဏာသိမ်း စစ်ကောင်စီအုပ်စုက ပုံမှားရိုက် မီးရှို့မှု ဖြစ်ပေါ်ခဲ့သဖြင့် ပြည်သူများ သတိပြုကြရန် ယင်းမာပင်အရှေ့ခြမ်းနှင့် ဆားလင်းမြောက်ခြမ်း ရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီက ယနေ့ဇန်နဝါရီလ(၂၂)ရက်နေ့ ညတွင် သတင်း ထုတ်ပြန်လာသည်။

ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၂၂)ရက်နေ့ ညပိုင်းတွင် စစ်‌ကောင်စီအုပ်စု ဘက်က အရပ်ဝတ်များ ဝတ်ဆင်ပြီး လက်နက်များကိုင်ကာ ရပ်ကွက်၊ ကျေးရွာများအတွင်း PDF ဟု သုံးစွဲ ပုံမှားရိုက်ပြီး "မင်းအောင်လှိုင် မအေလိုး၊ မအေလိုး မင်းအောင်လှိုင်"၊ "အရေးတော်ပုံ အောင်ရမည်၊ အောင်ကို အောင်ရမည်"ဟု ကြွေးကြော်သံများ ကြွေးကြော်ပြီး ပြည်သူတစ်ဦး၏ နေအိမ်ကို မီးရှို့ခဲ့ခြင်းကြောင့် ပြည်သူများ သတိပြုကြရန် ထုတ်ပြန်ခြင်းဖြစ်သည်။

ယင်းသို့ လုပ်ဆောင်ခြင်းသည် ပြည်သူ့ဘက်က ရပ်တည်နေသော PDF ရဲဘော်များ၊ လူထုသပိတ် ဆက်လက်ချီတက်နေသူများမှ အကြမ်းဖက်နေသယောင်ယောင် ပြည်သူလူထုအချင်းချင်း သွေးကွဲလာအောင် ဆောင်ရွက်ခြင်းမျိုး ရည်ရွယ်ချက်ရှိရှိ စစ်အကြမ်းဖက် အုပ်စုဘက်မှ ဆောင်ရွက်လျက်ရှိနေသည်ဟု ထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ (PDF)များနှင့် ယနေ့အချိန်အထိ အကြမ်းမဖက် လူထုသပိတ်လှုပ်ရှားမှုများ ချီတက်နေကြသော လူထုများအနေဖြင့် မည်သို့သော အကြမ်းဖက်ခြင်းမျိုးကို ဘယ်သောအခါမှ ဆောင်ရွက်ခြင်း မပြုလုပ်ပါဟု ထုတ်ပြန်ထားသည်။

ထိုကြောင့် လူထုအချင်းချင်းကြား သွေးကွဲစေသော လုပ်ဆောင်မှုများကို စစ်အကြမ်းဖက်အုပ်စုဘက်မှ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသည့်အတွက် ဆက်လျှောက်ရမည့် တော်လှန်ရေး ခရီးကြမ်းပေါ်တွင် ပိုမိုခိုင်မာအားကောင်းသော ညီညွတ်ခြင်းကို တည်ဆောက်ကာ အာဏာရှင်စနစ် အမြစ်ပြတ် တိုက်ထုတ်ကြရပါမည်ဟု ထုတ်ပြန်သည်။