လောင်းလုံမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ် လက်အောက်ခံ ပျူစောထီး(ပသစ)စခန်းကို PDF က တိုက်ခိုက် သိမ်းပိုက်

Photo: Launglone PDF
Photo: Launglone PDF
လောင်းလုံမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ် လက်အောက်ခံ ပျူစောထီး(ပသစ)စခန်းကို PDF က တိုက်ခိုက် သိမ်းပိုက်
ဇန်နဝါရီ 21, 2022 | အခြားဒေသများ

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်၊ ကရင်ကြီး - ကမ်းပနီရွာတွင် အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်ကဖွဲ့ပေးထားသည့် ပျူစောထီး(ပသစ)စခန်းတစ်ခုကို လက်နက်များနှင့်အတူ သိမ်းဆည်းရမိကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်သည့်   Launglone People Defence Force က ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၂၁) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ ပျူစောထီးစခန်းကို ဇန်နဝါရီလ (၂၀) ရက်နေ့ ညပိုင်းက  Launglone People Defence Forces နှင့် DDT တပ်ခွဲတို့က ဝင်ရောက်စီးနင်းမှုအတွင်း အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပျူစောထီးစခန်းကို ဒေသကာကွယ်ရေးအဖွဲ့က သိမ်းဆည်းရမိပြီးနောက် လက်လုပ်သေနတ် (၆) လက်၊  M-16 ကျည် (၁၀၀) ဝန်းကျင်၊ ကီးပက်ဖုန်း (၃) လုံး ၊ ဆိုင်ကယ် (၅) စီးနှင့် ဓါးမကြီး (၅) လက်တို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။

 

သိမ်းဆည်းရမိသည့် သေနတ်များပေါ်တွင် အာဏာသိမ်း စစ်ကောင်စီ၏ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့၏ အမည်အတိုကောက်အဖြစ် ပသစ ဟု ရေးထားသည်ကို တွေ့ရသည်။