ဗန်းမော်မြို့နယ်အတွင်း  ရေကြောင်းနှင့် ကုန်းကြောင်း တိုက်ခိုက်မှု ဖြစ်ပွားရာ အာဏာသိမ်းအဖွဲ့ဘက်က မော်တော်ဘုတ်(၁)စီး နစ်မြှုပ်ကာ တပ်သား အများအပြား သေဆုံးမှုရှိ

ဗန်းမော်မြို့နယ်အတွင်း  ရေကြောင်းနှင့် ကုန်းကြောင်း တိုက်ခိုက်မှု ဖြစ်ပွားရာ အာဏာသိမ်းအဖွဲ့ဘက်က မော်တော်ဘုတ်(၁)စီး နစ်မြှုပ်ကာ တပ်သား အများအပြား သေဆုံးမှုရှိ
ဇန်နဝါရီ 8, 2022 | အခြားဒေသများ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ နတ်ခုတ်ရွာအနီးတွင် ဇန်နဝါရီလ(၇)က အာဏာသိမ်းစစ်ကောင်စီ မော်တော်ဘုတ်(၃)စီးကို မြို့လှ ပြည်သူ့ကာကွယ်ရေးက တိုက်ခိုက်ခဲ့ရာ မော်တော်ဘုတ် (၁)စီး ထက်ခြမ်းကွဲနစ်မြှုပ်သွားပြီး စစ်ကောင်စီတပ်သားအများအပြား သေကြောင်း မြို့လှ PDF က ယနေ့ ဇန်နဝါရီလ(၈)ရက်တွင် သတင်းထုတ်ပြန်လာသည်။

စစ်ကောင်စီအဖွဲ့၏ တပ်သားများက ပျက်ဆီးသွားသည့် မော်တော်တစ်စီးကို  မော်တော်(၂)စီးဖြင့် ဆယ်ယူနေစဉ် မြို့လှPDF က ပစ်ခတ်သဖြင့် မော်တော်ဘုတ်(၁)စီး ထက်ခြမ်းကွဲနစ်မြုပ် သွားခြင်းဖြစ်သည်။

စစ်ကောင်စီတပ်များသည်‌ ရွှေကူမြို့၌ ညအိပ်ရပ်နားပြီးနောက်  အထက်ဖက်သို့ ဆန်တက်စဥ် ဗန်းမော်မြို့နယ် နတ်ခုတ်ရွာအနီး၌ တစ်ကြိမ်၊  နေ့လည်တွင် ဘူးတောင်းရွာ၌ တစ်ကြိမ် မြို့လှ PDF တပ်မှ ဆီးကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ  သင်္ဘော (၂)စီးအနက် (၁)စီးစက် ပျက်စီးကာ ဆက်လက် မထွက်ခွာနိုင်ဘဲ ဘူးတောင်း၌သာ ဆိုက်ကပ်သွားခဲ့ကြောင်း သိရသည်။

ယင်းသင်္ဘောမှ စစ်ကောင်စီတပ် အင်အား (၃၀)ဦးခန့် မော်တော် (၃)စီးဖြင့် ကဲ့ယူဆန်တက်စဥ် မြို့လှ PDF တပ်မှ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ (၁)စီး ထက်ခြမ်းကွဲ နစ်မြုပ်၍ ကျန် (၂)စီးတွင် ထိခိုက်ဒဏ်ရာများဖြင့် ဆန်တက်သွားခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ (၅)ရက်နေ့ကလည်း ကသာအထက်ဖက် နလယ်အင်းရွာအနီးတွင် KIA တပ်ရင်းတစ်ခုမှ စောင့်ကြိုပစ်ခတ်ခြင်း၊ နေ့လည်တွင် အထက် မင်းလယ်ရွာအနီး၌ မြို့လှ PDF တပ်မှ ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းတို့ကြောင့် သင်္ဘော (၂)စီးလုံး အတော်ထိခိုက်ပျက်စီးခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီဘက်က   လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်မှုများ ရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် မိုးတားလေးရွာ၏ အထက်ဖက် ဆင်ကုန်တိုင်ရွာအနီး ပေါလောကျွန်းအနီးတွင် စစ်ကောင်စီတပ်၏ သင်္ဘောနှင့် မြို့လှ PDF တို့ တစ်ကြိမ် ထပ်မံထိတွေ့ ပစ်ခတ်မှုများရှိခဲ့ရာ အာဏာသိမ်းစစ်တပ်ဘက်က လက်နက်ကြီးများဖြင့် ပြန်လည်ရမ်းသမ်း ပစ်ခတ်မှုကြောင့် နွား (၄)ကောင်သေဆုံးခဲ့ရကြောင်းလည်း သိရသည်။