အာဏာသိမ်းအဖွဲ့က မိတ္ထီလာစီးပွားရေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုပိုင်ဖုန်းမော်ကို လိုက်လံရှာဖွေဖမ်းဆီးနေပြီး မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိနေအိမ်မှ ညီဖြစ်သူကိုလည်း အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သိရသည်။
အာဏာသိမ်းအဖွဲ့က ကိုပိုင်ဖုန်းမော်ကို PDF ဟု စွပ်စွဲကာ လိုက်လံ ဖမ်းဆီးနေခြင်း ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၆) ရက်နေ့ ည (၁၀) နာရီဝန်းကျင်တွင် မြင်းခြံမြို့ရှိနေအိမ်၌ လာရောက် ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။
မြင်းခြံနေအိမ်တွင် လာရောက်ရှာဖွေ ဖမ်းဆီးစဉ် နေအိမ်ရှိ ကိုပိုင်ဖုန်းမော်၏ ညီဖြစ်သူ ကိုအောင်မျိုးသန့်ကို အာဏာသိမ်းအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး မည်သည့်အတွက် ဖမ်းဆီးသည်ကို မသိရသေးကြောင်း ဒေသခံတစ်ဦးက Tachileik News Agency သို့ ဇန်နဝါရီလ(၈)ရက်နေ့တွင် ပြောသည်။
ဖမ်းဆီးခံရသည့် ကိုအောင်မျိုးသန့်သည် မြင်းခြံတက္ကသိုလ် အင်္ဂလိပ်စာ ပထမနှစ်ကျောင်းသားတစ်ဦးဖြစ်ပြီး မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကိုလည်း မသိရသေးကြောင်း သိရသည်။
အာဏာသိမ်းအဖွဲ့က ဇန်နဝါရီလ (၇) ရက်နေ့တွင်လည်း ကိုပိုင်ဖုန်းမော် နေထိုင်သည်ဟု ၎င်းတို့ယူဆသည့် ဝမ်းတွင်းမြို့နယ်၊ အင်းကုန်း-အလမ္ပာယ်ကျေးရွာကိုလည်း ရှာဖွေသည်ဟု သိရသည်။
ကိုပိုင်ဖုန်းမော်သည် နေပြည်တော်မြန်မာ့စီးပွားရေးဘဏ်မှ ဖေဖေါ်ဝါရီလ (၆) ရက်နေ့တွင် CDM ပြုလုပ်ထားသူ ဖြစ်သည်။