ကော့ကရိတ်တွင် ဆီဘောက်ဆာယာဉ်အပစ်ခံရသည့်နေရာကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးနေ

ပုံအညွှန်း ၇.၁.၂၀၂၂ နေ့ ညက ပစ်ခတ်ခံရပြီး မီးလောင်သွားသည့် ယာဉ်
ပုံအညွှန်း ၇.၁.၂၀၂၂ နေ့ ညက ပစ်ခတ်ခံရပြီး မီးလောင်သွားသည့် ယာဉ်
ကော့ကရိတ်တွင် ဆီဘောက်ဆာယာဉ်အပစ်ခံရသည့်နေရာကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးနေ
ဇန်နဝါရီ 8, 2022 | အခြားဒေသများ

အာဏာသိမ်းစစ်တပ်အတွက် လေယာဉ်တင်ဆောင်လာသည့် ဆီတင်ယာဉ် ကရင်ပြည်နယ်၊ ကော့ကရိတ်မြိုနယ်တွင် ယမန်နေ့ညက ပစ်ခံရပြီးနောက် ယနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၈)ရက် နံနက်ပိုင်းက ယင်းနေရာကို အကြမ်းဖက် အာဏာသိမ်း စစ်တပ်က စစ်ကြောင်း(၂)ကြောင်းထိုးလာသဖြင့် KNLA နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 နယ်စပ်မြို့ မြဝတီမှတစ်ဆင့် အာရှဟိုင်းဝေးလမ်းကြီးအတိုင်း အာဏာသိမ်းစစ်တပ်အတွက် သယ်လာသည့် ဆီဘောက်ဆာယာဉ် (၂)စီးမှာ ယမန်နေ့ညက ကော့ကရိတ်မြို့ အမှတ် (၁)ချောင်းတောင်ရပ်ကွက်ရှိ ကျိုက်ဒုံလမ်းဆုံအနီးတွင် ပစ်ခတ်ခံရခြင်း ဖြစ်‌သည်။

ညက လေယာဥ်ဆီဘောက်ဆာကားကိုပစ်တဲ့‌နေရာကို အခုမနက် ၈ နာရီကျော်က စစ်ကြောင်းထိုးလို့ ထပ်ပစ်တယ်။ အခု မိုင်ကုန်းနဲ့ မြိုဟောင်း (၂) နေရာ ညှပ်ဝင်တယ်။ စစ်ကောင်စီတပ် အင်အား တိုးထားတယ်။ ‌မြိုဟောင်းက ရွာသား (၂) ယောက်ထိထားတယ်။

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။



ယင်းပစ်ခတ်သံများ နံနက်(၉)နာရီဝန်းကျင်တွင် မကြားရတော့သော်လည်း မြေပြင်အခြေအနေကို မသိရသေးကြောင်း ဒေသခံများက ပြေသည်။



ယမန်နေ့ညက ဆီဘောက်ဆာယာဉ်များ ပစ်ခတ်ခံရပြီးနောက် အာဏာသိမ်းစစ်တပ်၏ ခမရ (၉၇) အမြောက်တပ်(နေပူခံကုန်း)မှ  လက်နက်ကြီးများဖြင့် အချက်ပေါင်း (၃၀)နီးပါး ပစ်ခတ်ခဲ့သည်ဟု သိရသည်။

 

တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် မြဝတီ- ကော့ကရိတ်လမ်းပိုင်းတွင် ည (၆)နာရီနောက်ပိုင်း အသုံးမပြုရန်   KNU က သတိပေးချက်ထုတ်ပြန်ထားခြင်းဖြစ်သည်။

မြို့ရွာဒေသမရွေး လေကြောင်းတိုက်ခိုက်မှုလုပ်နေသည့် အာဏာသိမ်းစစ်တပ်အတွက် လေယာဉ်ဆီထောက်ပံ့မှုကို ဟန့်တားနိုင်ရန်အတွက် လေယာဉ်ဆီသယ်သည့် ဆီဘောက်ဆာယာဉ်များကို စစ်အာဏာရှင်တော်လှန်ရေးအင်အားစုများက တားဆီးရန်ကြိုးစားလာကြသည်ကို တွေ့ရသည်။