မင်းတပ်မြို့ ရှစ်ကျေးရွာသစ်တွင် အများပြည်သူ ထည့်ဝင်ငွေဖြင့် ဒေါက်တာအငြိမ်း ဆောက်ထားသည့် ဆေးခန်းအဆောက်အဦးကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးသွား

Photo: ဒေါက်တာအငြိမ်း
Photo: ဒေါက်တာအငြိမ်း
မင်းတပ်မြို့ ရှစ်ကျေးရွာသစ်တွင် အများပြည်သူ ထည့်ဝင်ငွေဖြင့် ဒေါက်တာအငြိမ်း ဆောက်ထားသည့် ဆေးခန်းအဆောက်အဦးကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးသွား
ဇန်နဝါရီ 6, 2022 | အခြားဒေသများ

ချင်းပြည်နယ်၊ မင်းတပ်မြို့ ရှစ်ကျေးရွာသစ်တွင် အများပြည်သူထည့်ဝင်ငွေဖြင့် ဒေါက်တာအငြိမ်း ဆောက်လုပ်ထားသည့် ယာယီကျန်းမာရေးဆေးခန်းအဆောက်အဦးကို အာဏာသိမ်းစစ်တပ်က လွတ်လပ်ရေးနေ့ဖြစ်သည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ (၄) ရက်နေ့တွင် ဖျက်ဆီးသွားကြောင်း သိရသည်။

"တိုင်းရင်းသားစစ်ဘေးရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့နေရာတွေကို ဖျက်ဆီးတဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကို နိုင်ငံတကာလူ့အခွင့်အရေးအသိုင်းအဝိုင်းက မျက်ကွယ်ပြုမထားကြဖို့ မျှော်လင့်ပါတယ်"ဟု အများပြည်သူလှူဒါန်းငွေဖြင့် ဆေးခန်းဆောက်လုပ်ခဲ့သူ ဒေါက်တာအငြိမ်းက သူ၏လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

အာဏာသိမ်းစစ်တပ်က ၂၀၂၁ ခုနှစ် ဒီဇင်ဘာ (၃၁) ရက်နေ့တွင် ရှစ်သစ်ကျေးရွာသို့ အင်းအားအလုံးအရင်းဖြင့်ရောက်ရှိလာခဲ့ပြီး ၂၀၂၂ ခုနှစ်ဇန်နဝါရီလ (၄) ရက်နေ့တွင် ဆေးခန်းကို ဖျက်ဆီးသွားကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်လာရောက်ချိန်တွင် ဆေးဝါးနှင့်ကုသရေးပစ္စည်းများကို အချိန်မီရွှေ့ပြောင်းထားနိုင်ခဲ့သဖြင့် ခွဲစိတ်ခန်း၊ သားဖွားခန်းနှင့် လူနာဆောင်တို့ကို ဖျက်ဆီးသည့်အပြင် ဆန်နှင့် စားသောက်ကုန်များကိုပါ မီးရှို့ခဲ့ကြောင်း သိရသည်။