အာဏာသိမ်းစစ်တပ်က KNU တပ်မဟာ (၅)နယ်မြေကို နယ်ကျော်တိုက်ခိုက်သည့် တစ်နှစ်တာအတွင်း တပ်ဖွဲ့ဝင် (၁၀၀၀)ကျော် သေဆုံး

အာဏာသိမ်းစစ်တပ်က KNU တပ်မဟာ (၅)နယ်မြေကို နယ်ကျော်တိုက်ခိုက်သည့် တစ်နှစ်တာအတွင်း တပ်ဖွဲ့ဝင် (၁၀၀၀)ကျော် သေဆုံး
ဇန်နဝါရီ 5, 2022 | အခြားဒေသများ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ တပ်မဟာ (၅) နယ်မြေတွင် ပြီးခဲ့သည့် တစ်နှစ်တာအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း (၂၀၀၀) ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က (၁,၀၀၀)ကျော် သေကြောင်း မူတြော်သတင်းစဉ်က ယနေ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီ(၅)ရက်နေ့တွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ KNU ထိန်းချုပ်နယ်မြေဖြစ်သည့် မူတြော်ခရိုင်အတွင်း KNLA တပ်မဟာ ၅ နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း (၂၆၉၂) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က (၁,၃၆၄) ဦးသေကာ (၁,၃၁၃) ဦး ထိခိုက်ဒဏ်ရာရ‌ကြောင်း ထုတ်ပြန်သည်။

အဆိုပါ ကာလအတွင်း စစ်ကောင်စီဘက်မှ သေဆုံးသူများတွင် ဗျူဟာမှူးတစ်ဦး၊ တပ်ရင်းမှူးသုံးဦး၊ တပ်ခွဲမှူး (၁၄) ဦး၊ ဒုတပ်ခွဲမှူးတစ်ဦး၊ ဗိုလ်တစ်ဦးတိုပါဝင်ပြီး ဒဏ်ရာရသူတွေထဲမှာ တပ်ရင်းမှူးသုံးဦး၊ ဒုရင်းမှူးတစ်ဦး၊ ဒုဗိုလ်ကြီးတစ်ဦး၊ တပ်ခွဲမှူးသုံးဦး၊ ဒုခွဲမှူးလေးဦးနဲ့ အရာခံဗိုလ်တစ်ဦး ပါဝင်‌ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဘက်က တပ်ခွဲမှူးတစ်ဦး၊ ဒုခွဲမှူးတစ်ဦး၊ ဗိုလ်နှစ်ဦး၊ တပ်ကြပ်ကြီးနှစ်ဦးနှင့်တပ်ကြပ်သုံးဦး ကျဆုံးခဲ့‌ကြောင်း သိရသည်။

ယင်းတိုက်ပွဲများအတွင်း KNLA တပ်မဟာ ၅ က  စစ်ကောင်စီ၏ စစ်ကား (၄၇) စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်းလည်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီဘက်က ဒေသခံပြည်သူများ၏ ကျေးရွာနှင့် လယ်ယာကိုင်းများကို လက်နက်ကြီးဖြင့် အချက်ပေါင်း (၂၀၀၀) ကျော် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ဒီလိုရမ်းသမ်းပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ (၁၂)ဦးသေဆုံးခဲ့ကာ (၄၂)ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။