တန့်ဆည်မြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်နေ

တန့်ဆည်မြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်နေ
ဒီဇင်ဘာ 20, 2021 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၀) ရက်နေ့ နေ့လယ်ပိုင်းတွင် အာဏာသိမ်းစစ်တပ်က ရဟတ်ယာဉ်များဖြင့် ဝဲပျံနေပြီး ရေမျက်ရွာဝန်းကျင်တွင် စက်သေနတ်ဖြင့် ပစ်ခတ်မှုများလုပ်နေ၍ လယ်တောတွင် စပါးသိမ်းနေသည့်တောင်သူများ ထွက်ပြေးနေရကြောင်း သိရသည်။

တန့်ဆည်မြို့နယ်နှင့် ရေဦးမြို့နယ်အစပ်တွင် ယခုနေ့လယ် (၁)နာရီ မိနစ် (၂၀) ဝန်းကျင်တွင် ရဟတ်ယာဉ် (၁)စီးက စက်သေနတ်ဖြင့် ပစ်ခတ်နေပြီး အခြားရဟတ်ယာဉ် (၂) စီးက အနီးဝန်းကျင်ကျေးရွာများတွင်ပျံဝဲနေ၍ စပါးရိတ်သိမ်းသူများ ထွက်ပြေးကြရကြောင်းသိရသည်။



တန့်ဆည်မြို့နယ်နှင့် ရေဦးမြို့နယ်အစပ်ရှိ ဥယျာဉ်၊ ရေမျက်၊ ဆင်သီကုန်း၊ ဆပ်ပြာအိုင်ကျေးရွာများဝန်းကျင်တွင် ယနေ့ နေ့တစ်ဝက်အတွင်း ရဟတ်ယာဉ် (၄)စီးအထိ ပျံသန်းလာသည်ကိုတွေ့ရပြီး ရေမျက်ရွာဝန်းကျင်တွင် ရဟတ်ယာဉ် (၃)စီးဖြင့် ပျံဝဲပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်သည် ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၈)ရက်နေ့ကလည်း မကွေးတိုင်း ဂန့်ဂေါမြို့နယ်ရှိ နှမ်းခါးကျေးရွာကို မည်သည့်တိုက်ခိုက်မှုမှ မရှိဘဲ ရဟတ်ယာဉ်ဖြင့် ပိတ်ဆို့ပစ်ခတ်မှုလုပ်ခဲ့သည်ကိုလည်း တွေ့ရသည်။

အာဏာသိမ်းစစ်တပ်သည် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်း တပ်အရွှေ့အပြောင်းကိုလည်း ရဟတ်ယာဉ်များသုံးလာသည်ကို တွေ့ရသည်။