ချင်းတွင်းမြစ်ကြောင်းတွင်  ကျောက်စိမ်းသယ်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်၏ ရေယာဉ်အဖွဲ့မှ တစ်စီး ရေမြုပ်မိုင်းထိသွားပြီး ဆက်လက် စုန်ဆင်းလာနေ

ချင်းတွင်းမြစ်ကြောင်းတွင်  ကျောက်စိမ်းသယ်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်၏ ရေယာဉ်အဖွဲ့မှ တစ်စီး ရေမြုပ်မိုင်းထိသွားပြီး ဆက်လက် စုန်ဆင်းလာနေ
ဒီဇင်ဘာ 13, 2021 | အခြားဒေသများ

 ချင်းတွင်းမြစ်ကြောင်းတွင် ကျောက်စိမ်းသယ်လာသည့် အာဏာသိမ်းစစ်တပ်၏ ရေယာဉ် (၁၁)စီးအုပ်စုမှ ယမန်နေ့က ရေမြုပ်မိုင်းထိသွားသည့်ယာဉ်ကို ယနေ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၃) ရက်နေ့၌ မဲဒင်ရွာ ကျွန်းခုံအနီးတွင်ပြင်ဆင်နေပြီးနောက် နံနက် (၉)နာရီကျော်တွင် အဆိုပါနေရာမှဆက်၍ စုန်ဆင်းသွားနေကြပြီဖြစ်ကြောင်း သိရသည်။

ချင်းတွင်းမြစ်ကြောင်းမှ ကျောက်စိမ်းသယ်လာသည့် အာဏာသိမ်းစစ်တပ်၏ ရေယာဉ်အုပ်စုကို စစ်ကိုင်းတိုင်းအတွင်းမှ ဒေသကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ရာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်နေ့နံနက်ပိုင်းတွင် ရေယာဉ်တစ်စီး ရေမြုပ်မိုင်းထိသွားပြီး ဒီဇင်ဘာလ (၁၃) ရက်နေ့ နံနက်ပိုင်း၌ မဲဒင်ရွာ ကျွန်းခုံအနီးတွင် နစ်မြုပ်နေခဲ့ခြင်းဖြစ်ကြောင်း ကနီ PDF က သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကျောက်စိမ်းသယ်လာသော အာဏာသိမ်းစစ်ကောင်စီတပ်၏ ရေယာဉ် (၁၁)စီးအုပ်စုတွင် အောင်ဆုဆုမွန်အမြန်ယာဉ်(၂)စီး၊ နှင်းဝေဝေထွန်း၊ ဝင်းဝင်းမော်၊ ကမ္ဘာကျော်နှင့် ဓနလင်း ဖလက်(၄)စီး၊ အခြားရေယာဉ်(၃)စီး၊ ရေကြောင်းပြရေဒါများ၊ Jammer များ၊ ခေတ်မီ ဆုံလည်စက်လတ်များတပ်ဆင်ထားသော Speed Boat(၂)စီးပါဝင်ပြီး မြစ်ကမ်းတလျှောက်တွင်လည်း အာဏာသိမ်းတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့များဖြင့် လုံခြုံရေးယူ၍ မြစ်ကြောင်းမှ စုန်ဆင်းလာကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေယာဉ်အုပ်စုကို ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ကြားဖြတ်တိုက်ခိုက်မှုများရှိခဲ့ပြီး အာဏာသိမ်းတပ်ကလည်း မြစ်ကြောင်း၊ ကုန်းကြောင်းမှ လက်နက်ကြီးများပါသုံး၍ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေယာဉ်အုပ်စုနှင့် ဒေသကာကွယ်ရေးအဖွဲ့များကြား ဒီဇင်ဘာလ (၁၀)ရက်နေ့က ကင်းစံပြရွာအနီး ရွှေမော်ဖူးကုန်း ဇဝချောင်းတိုက်ခိုက်မှုမှာ   မေလ(၆)ရက်နေ့ကဖြစ်ပွားခဲ့သည့် ကင်းစံပြအုပ်စုအနီးတိုက်ပွဲနောက်ပိုင်း ချင်းတွင်းမြစ်ကြောင်းတလျှောက်တိုက်ပွဲများတွင် အပြင်းထန်ဆုံးတိုက်ပွဲဖြစ်ခဲ့သည်ဟု ဒေသအခြေစိုက် ချင်းတွင်းချစ်သူသတင်းက တိုက်ပွဲအခြေအနေကို သုံးသပ်ထားသည်။

အဆိုပါ (၁၀) ရက်နေ့ တိုက်ပွဲကို KLG PDFနှင့် ဒေသတွင်း မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်သည်ဟု KLG PDF (Kani) က သတင်းထုတ်ပြန်ထားပြီး အဆိုပါတိုက်ပွဲတွင် ဒေသကာကွယ်ရေးအဖွဲ့များက မြစ်ကြောင်းတလျှောက် လက်လုပ်ရေမြုပ်မိုင်းများကိုပါ အသုံးပြုထားသည်ကို တွေ့ရသည်။

စစ်အာဏာသိမ်းမှုကို လက်မခံသည့် ပြည်သူများ၏ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်မှုများကို အာဏာသိမ်းအဖွဲ့က လက်နက်ကိုင်အဖွဲ့များဖြင့် လူအင်အား၊လက်နက်အင်အားအသုံးပြုကာ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခြင်းများကြောင့် လူထုက ဒေသကာကွယ်ရေးအဖွဲ့များအဖြစ် ရရာလက်နက်စွဲကိုင်၍ ခုခံတွန်းလှန်နေကြခြင်းဖြစ်သည်။

လူထုဆန္ဒကို ဆန့်ကျင်၍ အာဏာသိမ်းထားသည့် စစ်တပ်က နိုင်ငံတဝန်းမှ ဒေသကာကွယ်ရေးအဖွဲ့များအား သာလွန်အင်အားများဖြင့် နည်းလမ်းမျိုးစုံသုံး၍ အကြမ်းဖက်နှိမ်နှင်းမှုများလုပ်နေသည်ကိုလည်း တွေ့ရသည်။