ဝမ်းတွင်းမြို့နယ်အတွင်း ကျေးရွာများတွင် မီတာခများကို အာဏာသိမ်းအဖွဲ့က အရပ်ဝတ်ဖြင့် လက်နက်ကိုင်ပြီး လိုက်လံကောက်ခံနေ၍ ဒေသကာကွယ်ရေးအဖွဲ့က သတိပေး

ဝမ်းတွင်းမြို့နယ်အတွင်း ကျေးရွာများတွင် မီတာခများကို အာဏာသိမ်းအဖွဲ့က အရပ်ဝတ်ဖြင့် လက်နက်ကိုင်ပြီး လိုက်လံကောက်ခံနေ၍ ဒေသကာကွယ်ရေးအဖွဲ့က သတိပေး
ဒီဇင်ဘာ 3, 2021 | အခြားဒေသများ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်း ကျေးရွာများတွင် အာဏာသိမ်းအဖွဲ့၏ လက်အောက်ခံ လျှပ်စစ်ဌာနက အရပ်ဝတ် သေနတ်ကိုင် အစောင့်အရှောက်များဖြင့် မီတာခများကို ကောက်ခံနေသည့်အတွက် တွေ့သည့်နေရာတွင် သုတ်သင်ရှင်းလင်းမည်ဟု Wundwin Township Revolution Force (WTRF)က သတိပေးချက်  ယနေ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၃)ရက်နေ့တွင် ထုတ်ပြန်လာသည်။

ဝမ်းတွင်းမြို့နယ်အတွင်း လျှပ်စစ်မီတာခများကို လိုက်လံကောက်ယူနေရာတွင် လျှပ်စစ်ဌာနက အချို့နေရာများတွင် အာဏာသိမ်းစစ်တပ်၏ အင်အားအပြင် စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့၏ အင်အားကို အသုံးပြုကာ အရပ်ဝတ်ဖြင့် သေနတ်များကိုင်ဆောင်ကာ ကောက်ခံခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

ဒေသတွင်းနေ ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ၏ ဝင်ငွေဒေါက်တိုင် ပျက်သုဉ်းရေးအတွက် မီတာခ မဆောင်ကြရန် နှင့် အာဏာသိမ်းစစ်တပ်၏ အကျိုးစီးပွားအဖြစ် ထုတ်လုပ်သည့် ထုတ်ကုန်များကိုလည်း သုံးစွဲခြင်းမပြုဘဲ သပိတ်မှောက် ဆန့်ကျင်ခြင်းဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ပါဝင်ကြရန်လည်း  ဝမ်းတွင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအင်အားစု (WTRF) နှိုးဆော်ထားရှိသည်။