ပြည်သူ့ခုခံတွန်းလှစ်စစ်ပွဲအတွင်း ဖမ်းဆီးရမိထားသည့် အာဏာသိမ်းတပ်၏ တပ်သား (၃) ဦးကို လူ့ဂုဏ်သိက္ခာနှင့်အညီ ထိန်းသိမ်းထားပြီး ပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့(ICRC)သို့ ဆက်သွယ်အကြောင်းကြားသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁၉) ရက်နေ့၌ ထုတ်ပြန်လာသည်။
အမှတ်(၁)စစ်ဒေသအတွင်း နိုဝင်ဘာလ (၇) ရက်နေ့က ဖြစ်ပွားခဲ့သည့်စစ်ပွဲတွင် ဖမ်းဆီးရမိထားသည့် အာဏာသိမ်းတပ်ဘက်မှ တပ်သားဖြိုးပိုင် - ကိုယ်ပိုင်အမှတ် တ/၅၆၈၁၇၃ ၊ တပ်သားမင်းထက်ကျော် - ကိုယ်ပိုင်အမှတ် တ/၅၇၀၀၀၃ နှင့် တပ်သားဖြိုးဝေစိုး - ကိုယ်ပိုင်အမှတ် တတ/၁၂၇၂၈၈ တို့အား လုံခြုံစွာထိန်းသိမ်းထားကြောင်း ယနေ့ သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။
လူထုကို လက်နက်ကိုင်အကြမ်းဖက်နှိမ်နှင်းသည့် အာဏာသိမ်းစစ်တပ်အား တွန်းလှန်သည့် ပြည်သူများ၏ ပြည်သူ့ခုခံတွန်းလှစ်စစ်ကို ၂၀၂၁ခုနှစ်၊စက်တင်ဘာလ(၇)ရက် မှစတင်နေပြီး ပြည်သူ့တော်လှန်ရေးအင်အားစုများအနေဖြင့် သုံ့ပန်းနှင့် စစ်ဖက်အကျဉ်းသားထိန်းသိမ်းရေးဆိုင်ရာ လမ်းညွှန်ချက်အပါအဝင် စစ်ဖက်ဆိုင်ရာကျင့်ဝတ်များကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လမ်းညွန်ထားသည်။