မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဥ့်ကူးမြို့နယ်၊ ဟင်္ဿာမကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူး ယမန်နေ့က အသတ်ခံမှုနှင့် ပတ်သတ်ပြီး အာဏာသိမ်းစစ်တပ်ရောက်ရှိလာကာ ကျေးရွာကို ဝင်ရောက်ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းသည် နိုဝင်ဘာလ (၇) ရက် နံနက် (၅)နာရီဝန်းကျင်က သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရပြီး နံနက် (၁၁) နာရီဝန်းကျင်တွင် ရွာကို အာဏာသိမ်းစစ်တပ်မှ အင်အား အလုံးအရင်းနှင့် စီးနင်းကာ နေအိမ်(၁၀)လုံးထက်မနည်း ဖျက်ဆီးသွားကြောင်းသိရသည်။
ဘေးရွာက ကလေးတွေကိုဖမ်းပြီး လူသားဒိုင်းလုပ်ခေါ်လာတာ။ သူတို့ကဆိုင်ကယ်နဲ့ ကလေးတွေကို ကြိုးတုပ်ပြီးပြေးလိုက်ခိုင်းတာ။ ရောက်ထဲကနေ ညနေ(၆)နာရီလောက်အထိ ရွာထဲရမ်းပစ်နေတာ။ ဒီနေ့ မနက်လည်း လာမယ်ဆိုလို့ တစ်ရွာလုံးပြေးနေရတယ်
ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။
စစ်တပ်က လာရောက်ပြီး စက်လှေမောင်းရာတွင် အသုံးပြုသည့် စက်(၃)လုံး၊ စျေးဆိုင်အတွင်းမှ ဆီပုံးများနှင့် ကုန်တင်မော်တော်တစ်စီး ယူသွားကြောင်း နှင့် ကျေးရွာဒလန်များကလည်း ရွာကိုမီးရှို့ခိုင်းမည်ဟုဆိုကာ ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း သိရသည်။
ယမန်နေ့ ည(၉)နာရီခွဲ အချိန်ကလည်း စဥ့်ကူးမြိုနယ်အတွင်း မြစိမ်းကျေးရွာ၊ ပေါက်ကုန်းကျေးရွာနှင့် လက်ပန်ကုန်းကျေးရွာစာသင်ကျောင်းများလည်း ဗုံးပေါက်ကွဲမှုဖြစ်ခဲ့သေးကြောင်း သိရသည်။