ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် အတူတကွ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း NUG ၊ KNU ၊ KNPP နှင့် CNF တို့ ပူးတွဲ ကြေညာ

ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် အတူတကွ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း NUG ၊ KNU ၊ KNPP နှင့် CNF တို့ ပူးတွဲ ကြေညာ
စက်တင်ဘာ 17, 2024 | အခြားဒေသများ

ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက်ကို အတူတကွ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း NUG၊ KNU၊ KNPP နှင့် CNF တို့က ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၇) ရက်နေ့တွင် ပူးတွဲကြေညာချက် ထုတ်ပြန်သည်။

(၃)ရက်ခန့် ရေကြီးရေလျှံခြင်းနှင့် ဆည်များမှ ရေထုတ်လွှတ်ခြင်းတို့ကြောင့် မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ပဲခူးတိုင်းတို့တွင် ဒေသခံပြည်သူများ ထောင်နှင့်ချီ၍ သေဆုံး၊ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ပူးပေါင်းအဖွဲ့က အသိပေးထားသည်။

ရေလွှမ်းမိုးမှုဘေးကြောင့် လူဦးရေ (၇)သိန်းခန့် ထိခိုက်နိုင်မည်ဟု ခန့်မှန်းထားပြီး လူနေအိမ်များပြိုကျ ပျက်စီးခြင်း၊ ပိုင်ဆိုင်ပစ္စည်းများ ဆုံးရှုံးခြင်း၊ လမ်းတံတားနှင့် အခြေခံ အဆောက်အအုံများ ပျက်စီးခြင်း၊ စိုက်ပျိုးမြေများ ရေလွှမ်းမိုးခြင်း၊ မွေးမြူရေးတိရစ္ဆာန်များ သေကြေ ပျက်စီးခြင်းနှင့် ရေသယံဇာတများ ပျက်စီးဆုံးရှုံးခြင်းစသည်တို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ 

ယင်းကဲ့သို့ ထိခိုက်ပျက်စီးမှုများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဝန်ကြီးဌာန (MoHADM)၊  တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ (KNPP)နှင့် ချင်းအမျိုးသားတပ်ဦး (CNF)တို့က ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများအား ရရှိနိုင်သည့် အရင်းအမြစ်များကို အသုံးပြု၍ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း အသိပေးထားသည်။

မုန်တိုင်း၏အရှိန်နှင့် ရေဘေးအန္တရာယ်၏ ကြီးမားပြင်းထန်မှုကြောင့် အစားအစာ၊ သောက်သုံးရေ၊ လူသုံးကုန်ပစ္စည်းများနှင့် အမိုးအကာများထောက်ပံ့ပေးခြင်း လုပ်ငန်းများအပြင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေး၊ စိုက်ပျိုးမွေးမြူရေး စသည်တို့ ပြန်လည်ထူထောင်ရေးနှင့် ပျက်စီးသွားသည့်နေအိမ်နှင့် အခြေခံအဆောက်အအုံများ ပြန်လည် တည်ဆောက်ရေးတို့အတွက် အကူအညီများစွာ လိုအပ်လျက်ရှိကြောင်း သိရသည်။

သို့ဖြစ်ရာ လူသားချင်းစာနာကူညီမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ကုလသမဂ္ဂ၊ အီးယူ၊ အာဆီယံနှင့်တကွ ပြည်တွင်း ပြည်ပအဖွဲ့အစည်းများအား အရေးပေါ် လူသားချင်းစာနာမှု အကူအညီများနှင့် ကျန်းမာရေးဆိုင်ရာ အကူအညီ များကို ရေဘေးသင့်ပြည်သူများအား အညီအမျှရရှိစေရန် ဆောင်ရွက်ပေးရန် ပူးပေါင်းအဖွဲ့က တောင်းဆိုထားသည်။

အဆိုပါအကူအညီများကို သက်ဆိုင်ရာဒေသအသီးသီးရှိ လူသားစာနာဝန်ကြီးဌာန တာဝန်ခံများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၊ အရပ်ဘက် လူမှုရေးအဖွဲ့အစည်း များသို့ တိုက်ရိုက်ပံ့ပိုးပေးခြင်းနှင့် နိုင်ငံတကာကပေးအပ်သည့် လူသားစာနာမှုအကူအညီများကို နိုင်ငံရေးနှင့် စစ်ရေးတို့အတွက် အမြတ်ထုတ်ခြင်းမခံရအောင် အထူးသတိပြုဆောင်ရွက်ရန် တောင်းဆိုထားသည်။

ရေဘေးသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများသာမက ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကိစ္စရပ်များကိုပါ ရေတိုရေရှည် ပံ့ပိုးကူညီခြင်းနှင့် တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် ရန်ပုံငွေ ကန့်သတ်ချက်များရှိသော်လည်း စစ်ဘေးနှင့် သဘာဝဘေးကို တပြိုင်နက် ရင်ဆိုင်ကြုံတွေ့နေရသည့် မြန်မာပြည်သူများအတွက် နိုင်ငံတကာလှူဒါန်းမှုများ ရရှိစေရန် တိုက်တွန်းနှိုးဆော်ပေးခြင်းများ လုပ်ဆောင်ပေးရန် ပူးပေါင်းအဖွဲ့က တောင်းဆိုသည်။

 

ထို့အပြင် ရေဘေးသင့်ပြည်သူများကို ထောက်ပံ့လှူဒါန်းမှုများအား ပွင့်လင်းမြင်သာမှုရှိစွာ အသိပေးလုပ်ဆောင်ခြင်း၊ လူသားချင်းစာနာမှုဦးစားပေး (Humanitarian Imperative) အခြေခံမူကို လက်ကိုင် ထား၍ ထိခိုက်လွယ်အုပ်စုများ၏ လိုအပ်ချက်များကိုပါ ထည့်သွင်း ကူညီပံ့ပိုးကူညီခြင်း၊ အကူအညီများ အလေအလွင့်မရှိစေဘဲ ထိထိရောက်ရောက်စီမံခန့်ခွဲပေးခြင်း နှင့် စနစ်တကျ စောင့်ကြည့်ကွပ်ကဲခြင်းများလုပ်ဆောင်ပေးရန် ပူးပေါင်းအဖွဲ့က တိုက်တွန်းတောင်းဆိုထားသည်။

NUG ၊ KNU ၊ KNPP နှင့် CNF တို့အနေဖြင့် ဖြစ်ပွားခဲ့သည့် ရာဂီမုန်တိုင်းသက်ရောက်မှု၏ နောက်ဆက်တွဲ ရေကြီးရေလျှံမှု ဖြစ်စဉ်တွင် ထိခိုက်ခံစားရသည့် တိုင်းရင်းသား ပြည်သူတရပ်လုံးနှင့် တသားထဲ ရပ်တည်လျက်ရှိပြီး ၊ ကြုံတွေ့နေရသည့် အခက်အခဲများကိုလည်း ထပ်တူ စာနာကြောင်းနှင့် ရေဘေးသင့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေကြသည့် လူမှုရေး အဖွဲ့အစည်းများနှင့် စေတနာရှင်ပြည်သူများကိုလည်း လှိုက်လှိုက်လှဲလှဲ အသိအမှတ်ပြု ကျေးဇူးတင်ရှိကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

#TachileikNewsAgency