PDF နှင့် ပတ်သက်၍ဟုဆိုကာ ဝက်လက်မြို့နယ်မှ နေအိမ်(၃)လုံး နှင့် ကိုယ်ပိုင်အထက်တန်းကျောင်း၊ စတိုးဆိုင်တို့ကို အာဏာသိမ်းစစ်တပ်က ချိတ်ပိတ်

PDF နှင့် ပတ်သက်၍ဟုဆိုကာ ဝက်လက်မြို့နယ်မှ နေအိမ်(၃)လုံး နှင့် ကိုယ်ပိုင်အထက်တန်းကျောင်း၊ စတိုးဆိုင်တို့ကို အာဏာသိမ်းစစ်တပ်က ချိတ်ပိတ်
အောက်တိုဘာ 28, 2021 | အခြားဒေသများ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်တွင်  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) နှင့် ပတ်သက်၍ ဟု ဆိုကာ မြို့နယ်အတွင်းရှိ နေအိမ် (၃)အိမ် နှင့် ကိုယ်ပိုင်အထက်တန်းကျောင်းအပြင် စတိုးဆိုင်တို့ကို အာဏာသိမ်း စစ်တပ်ကာ နိုင်ငံတော်ပိုင်အဖြစ် သိမ်းပြီး ၂၀၂၁ခုနှစ် အောက်တိုဘာလ(၂၇)ရက်နေ့က ချိတ်ပိတ်လိုက်ကြောင်း သိရသည်။

ချိတ်ပိတ်ခံရသည့် နေရာများမှာ ဝက်လက်မြို့နယ်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း၊  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဝင်း နှင့် ဦးညွှန့်ဌေး(ခိုင်သဇင် စတိုး)တို့၏ နေအိမ်များ အပြင် ဟေမာန်သစ်ကိုယ်ပိုင်အထက်တန်းကျောင်း နှင့် သန်းသန်းဌေး စတိုးဆိုင်တို့ကို နိုင်ငံတော်ပိုင်ဖြစ် ချိတ်ပိတ်သွားခြင်း ဖြစ်သည်ဟု ဒေသအခြေပြု ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ဖော်ပြထားချက်အရ သည်။

နေအိမ်များရှေ့တွင် ဗီနိုင်းပိုစတာဖြင့်

ဤမြေနေရာနှင့်အဆောက်အဦးသည် အကြမ်းဖက်အုပ်စု PDF အဖွဲ့အစည်းများနှင့် ဆက်စပ်ပတ်သက်နေသဖြင့် နိုင်ငံပိုင်သိမ်းဆည်းခြင်းဖြစ်သည်။ 'ကျူးကျော်ရ ရောင်းဝယ်ခြင်း မပြရ' 

ဟု ရေးသားပြီး  ချိတ်ဆွဲထားခဲ့သည်ကို တွေ့ရသည်။

၂၀၂၁ခုနှစ် အောက်တိုဘာလ(၂၇)ရက်နေ့ ညနေ(၅)နာရီခွဲဝန်းကျင်အချိန်က အာဏာသိမ်းစစ်တပ် နှင့် လက်အောက်ခံ ရဲများဖြင့် လာရောက်ပြီး ချိတ်ပိတ်သွားခြင်း ဖြစ်သည်ဟု သိရသည်။

ချိတ်ပိတ်ပြီးနောက် နေအိမ်အတွင်းရှိ အိမ်အသုံးအဆောင် ပစ္စည်းများကိုလည်း ကားများဖြင့် ဝက်လက်ရဲစခန်းအတွင်းသို့ သယ်ဆောင်သွားသည်ဟု သိရသည်။ 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရွှေဘိုမြို့တွင်လည်း အောက်တိုဘာလ(၂၆)ရက်နေ့က ယခုလိုပင် နေအိမ်နှင့်လုပ်ငန်း(၂၀)ကျော် နိုင်ငံတော်ပိုင်အဖြစ်သိမ်းဆည်းပြီး ချိတ်ပိတ်ခံရကြောင်းလည်း သိရသည်။