ဝမ်းတွင်းမြို့နယ်အတွင်း ခင်ကြီးကျေးရွာတွင် အာဏာသိမ်းစစ်တပ်အား သတင်းပေးသည့် ဒလန်ဟုဆိုသူကို သေနတ်ဖြင့် (၄)ချက်ပစ်ပြီး ရှင်းလင်း

ဝမ်းတွင်းမြို့နယ်အတွင်း ခင်ကြီးကျေးရွာတွင် အာဏာသိမ်းစစ်တပ်အား သတင်းပေးသည့် ဒလန်ဟုဆိုသူကို သေနတ်ဖြင့် (၄)ချက်ပစ်ပြီး ရှင်းလင်း
အောက်တိုဘာ 26, 2021 | အခြားဒေသများ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်း ဝမ်းတွင်းမြို့တွင် အာဏာသိမ်းစစ်တပ်အား သတင်းပေးမှုကြောင့် တစ်ရွာလုံးတိမ်းရှောင်ရပြီး လူ(၂၀)ကျော်ဖမ်းခံရသည့်ဖြစ်စဉ်တွင် အဓိက သတင်းပေးသည့် ဒလန်ဟု ကျော်ကြားသည့် အမျိုးသားတစ်ဦကို သေနတ်ဖြင့် (၄)ချက်ပစ်ကာ ရှင်းလင်းသည့် ဖြစ်စဉ် အောက်တိုဘာလ(၂၆)ရက်နေ့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

ဒလန်ဟု ကျော်ကြားနေသည့် ကျော်မြင့် ဆိုသူသည် ပြီးခဲ့သည့် (၃)လအကြာက ၎င်း၏ သတင်းပေးမှုကြောင့် တစ်ရွာလုံး တိမ်းရှောင်ခဲ့ရသလို ဒေသခံ (၂၀)ကျော်လည်း ဖမ်းဆီးခံရသည့် ဖြစ်စဉ်ရှိခဲ့သည်ဟု သိရသည်။

သူသတင်းပေးမှုကြောင့် လွန်ခဲ့တဲ့ (၃)လလောက်က တစ်ရွာလုံး ရှောင်နေရတယ် အယောက်(၂၀)ကျော်လောက်လည်း ဖမ်းခံရတယ်။ အဲ့ရွာဘက်မှာ အစောက လူငယ်တစ်ဦး သံသယ နဲ့ အဖမ်းခံလိုက်ရတယ်

ဟု ဝမ်းတွင်းမြို့နေ ဒေသခံတစ်ဦးက Tachileik News Agency သို့ အောက်တိုဘာလ(၂၆)ရက်နေ့ ညနေပိုင်းက ပြောသည်။

ဒလန်ဟုဆိုသည့် ကျော်မြင့်သည် ယနေ့ နံနက်ပိုင်းက ခင်ကြီးကျေးရွာအတွင်းရှိ  တောထဲရှိ ပြောင်းခင်းသို့အသွားတွင် ယနေ့ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၂၆)ရက်နေ့ (၁၀)နာရီဝန်းကျင်အချိန်က သေနတ်ဖြင့် (၃)ချက် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။ 

ဝမ်းတွင်းမြို့နယ်အတွင်း၌ အာဏာသိမ်းစစ်တပ်နှင့် လက်အောက်ခံ ရဲများကို သတင်းပေးသည့် ဒလန်ဟုဆိုသူများကို ယနေ့ အောက်တိုဘာလ(၂၆)ရက်နေ့ အချိန်အထိ ရှင်းလင်းခဲ့သည်မှာ စုစုပေါင်း (၃)ဦးအထိရှိရာတွင် (၂)ဦးမှာ သေဆုံးသော်လည်း (၁)ဦးမှ ဒဏ်ရာရရှိမှုသာရှိခဲ့သည်ဟု သိရသည်။