မြန်မာ - ထိုင်းနယ်စပ်ဒေသ ထိုင်းဘက်တွင် မြန်မာဘက်က မူးယစ်ဆေးဝါးသယ်လာသည့် အဖွဲ့နှင့် ထိုင်းနယ်စပ်လှည့်ကင်းအဖွဲ့တို့ ပစ်ခတ်မှုဖြစ်ကာ တစ်ဦး အသေမိပြီး မူးယစ်ဆေးများမိ

Photo: MGR Online
Photo: MGR Online
မြန်မာ - ထိုင်းနယ်စပ်ဒေသ ထိုင်းဘက်တွင် မြန်မာဘက်က မူးယစ်ဆေးဝါးသယ်လာသည့် အဖွဲ့နှင့် ထိုင်းနယ်စပ်လှည့်ကင်းအဖွဲ့တို့ ပစ်ခတ်မှုဖြစ်ကာ တစ်ဦး အသေမိပြီး မူးယစ်ဆေးများမိ
သြဂုတ် 31, 2021 | နိုင်ငံတကာသတင်း

မြန်မာ - ထိုင်းနယ်စပ်ဒေသ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်အတွင်း နယ်စပ်မှ မူးယစ်ဆေးသယ်လာသည့်အဖွဲ့ကို နယ်စပ်လှည့်ကင်းအဖွဲ့က ဖမ်းဆီးမှုအတွင်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ကာ မူးယစ်ဆေးသယ်သူတစ်ဦးကို အသေဖမ်းမိသည်ဟု ၂၀၂၁ ခုနှစ် ဩဂုတ်လ (၃၁)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မြန်မာ - ထိုင်းနယ်စပ်တစ်လျှောက် ကင်းလှည့်နေသည့် တပ်ဖွဲ့ဝင် (၁၀)ဦးပါဝင်သည့် ထိုင်းနယ်စပ်ကင်းလှည့်အဖွဲ့က ယမန်နေ့ည (၁၁) နာရီ (၄၅) မိနစ်အချိန်တွင် မြန်မာဘက်က  လူဦးရေ (၁၀) ထက်မနည်းအဖွဲ့ကို တွေ့ရသဖြင့် စစ်ဆေးရန် တားဆီးစဉ် အဆိုပါအဖွဲ့က စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အပြန်အလှန်ပစ်ခတ်မှု (၁၀) မိနစ်ခန့်ကြာပြီးနောက် မူးယစ်ဆေးသယ်သူများ ထွက်ပြေးသွားသည့်နောက်ကို လိုက်လံရှာဖွေရာ သေနတ်တစ်လက်ဖြင့် သေဆုံးနေသည့် အမျိုးသား (၁) ဦးကိုတွေ့ရပြီး ကျောပိုးအိတ် (၅) လုံးကိုလည်း တွေ့ရကြောင်း သိရသည်။

ကျောပိုးအိတ်များအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၄၃၀,၀၀၀) ပြားနှင့် ဘိန်းစိမ်း (၈) ကီလိုကို ဖမ်းမိကြောင်း သိရသည်။

မြန်မာ - ထိုင်းနယ်စပ်မှ တရားမဝင် ဝင်ရောက်မှုနှင့် မူးယစ်ဆေးသယ်ဆောင်မှုများကို တားဆီးရန်အတွက် နယ်စပ်ကင်းလှည့်အဖွဲ့ ပေါင်း (၁၀၈) ဖွဲ့က စစ်ဆေးသည့်နေရာပေါင်း (၄၀) ကိုစစ်ဆေးနေခြင်းဖြစ်ပြီး ယခုမူးယစ်ဖမ်းမိသည့် နယ်စပ်ကင်းလှည့်အဖွဲ့မှာ အဆိုပါနယ်စပ်နေရာအား စစ်ဆေးရန် တာဝန်လွှဲပြောင်းယူထားသည်မှာ တစ်လဝန်းကျင်ရှိပြီဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: MGR Online