ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကို ယခုလနှောင်းပိုင်းတွင် ကျင်းပပြုလုပ်မည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု Asia-Pacific Economic Cooperation (APEC) ထိပ်သီးအစည်းအဝေးအပြီးတွင် အသစ်ဖွဲ့စည်းတည်ထောင်ထားသည့် နိုင်ငံရေးပါတီ Ruam Thai Sang Chart Party ( RTSCP) သို့ ဝင်ရောက်ရန် ကမ်းလှမ်းထားကြောင်း ပါတီသတင်းရင်းမြစ်တစ်ခုက ပြောသည်။
ထိုသတင်းရင်းမြစ်က ဗိုလ်ချုပ်ကြီးပရာယွတ်ကို ချဥ်းကပ်ရန် ကြိုးပမ်းနေသည်ဟု ဆိုသည်။
"ဝန်ကြီးချုပ်က APEC အစည်းအဝေးပြီးရင် ပါတီကို ဝင်လိမ့်မယ်လို့ ယုံကြည်ပါတယ်" ဟု သတင်းရင်းမြစ်က ဖြည့်စွက်ပြောသည်။
APEC ထိပ်သီးအစည်းအဝေးကို ထိုင်းနိုင်ငံတွင် နိုဝင်ဘာလ (၁၈) မှ (၁၉) ရက်အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
"ဗိုလ်ချုပ်ကြီးပရာယွတ် ပါတီကိုဝင်တဲ့အချိန်မှာ ဆန်းသစ်တဲ့ အပြောင်းအလဲအတွက် သူ့ကို ပြီးပြည့်စုံတဲ့ နိုင်ငံရေးသမားတစ်ယောက်အဖြစ် ပြန်ပုံဖော်ဖို့လိုပါတယ်။ သူ့ရဲ့ စစ်တပ်ပုံရိပ်က နိုင်ငံရေးသမားတစ်ယောက်အဖြစ် ထင်ရှားတဲ့ အခန်းကဏ္ဍကို မှေးမှိန်စေပါတယ်။ တကယ်လို့ သူက ပူးပေါင်းလာမယ်ဆိုရင် ပါတီရဲ့ လူကြိုက်များမှုလည်း မြင့်တက်လာမယ်လို့ ယုံကြည်ပါတယ်" ဟု သတင်းရင်းမြစ်က ပြောသည်။
"ဒါ့အပြင် Democrat နဲ့ အာဏာရ Palang Pracharath Party (PPRP) အပါအဝင် အခြား ညွှန့်ပေါင်းအဖွဲ့ဝင် ပါတီတွေက လွှတ်တော်အမတ်အချို့လည်း ဗိုလ်ချုပ်ကြီးပရာယွတ်လိုပဲ RTSCP ကို ပြောင်းလာမယ်လို့ မျှော်လင့်ထားပါတယ်" ဟုလည်း သတင်းရင်းမြစ်က ဆိုသည်။
ထိုင်းနိုင်ငံတွင် အသစ်တည်ထောင်ထားသည့် RTSCP ပါတီကို Democrat ပါတီမှ လွှတ်တော်အမတ်ဟောင်း Pirapan Salirathavibhaga က ဦးဆောင်နေပြီး ၎င်းမှာ ဝန်ကြီးချုပ်ပရာယွတ်၏ အကြံပေးပုဂ္ဂိုလ်အဖြစ်လည်း ဆောင်ရွက်နေသည်။
RTSCP ကို ယမန်နှစ် မတ်လတွင် ဝန်ကြီးချုပ်၏ လက်ထောက်ဟောင်း Seksakol Atthawong က ဖွဲ့စည်းတည်ထောင်ခဲ့ပြီး လာမည့် ရွေးကောက်ပွဲအပြီးတွင် ပရာယွတ်က ဆန္ဒရှိပါက ဝန်ကြီးချုပ်ပြန်လုပ်ရန် ထောက်ခံသွားမည်ဟု ဆိုသည်။
ပါတီကိုဝင်ရန် ဗိုလ်ချုပ်ကြီးပရာယွတ်က ရွေးချယ်ခဲ့ပါက ပါတီက ကြိုဆိုသွားမည်ဟု Pirapan က နိုဝင်ဘာလ (၈) ရက်တွင် ပြောခဲ့သည်။
ဒုတိယဝန်ကြီးချုပ်နှင့် PPRP ပါတီခေါင်းဆောင် Prawit Wongsuwon ကမူ ဗိုလ်ချုပ်ကြီးပရာယွတ် ဘက်ပြောင်းမည့်ကိစ္စနှင့် ပတ်သက်၍ ပြဿနာမရှိကြောင်း နိုဝင်ဘာလ (၇) ရက်နေ့ကတွင် မှတ်ချက်ပြုခဲ့သည်။
၂၀၁၉ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် PPRP ပါတီက ဗိုလ်ချုပ်ကြီးပရာယွတ်ကို ဝန်ကြီးချုပ်နေရာအတွက် ပြင်ပကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းခဲ့ခြင်း ဖြစ်ပြီး ပရာယွတ်မှာ PPRP ပါတီဝင်တစ်ဦးမဟုတ်ကြောင်း သိရသည်။
လက်ရှိထွက်ပေါ်နေသည့် ပါတီကိစ္စသတင်းများနှင့် ပတ်သက်၍ ပရာယွတ်က နှုတ်ဆိတ်နေဆဲဟု ဆိုသည်။
Source: Bangkok Post