ထိုင်းနိုင်ငံ မယ့်စလောင်းဒေသဘက် ကမ်းပါးတွင် မြန်မာစစ်စခန်းသို့ပို့ရန် ရိက္ခာများစုပုံထားသည့် နေရာမှ ဒေသခံအချို့ ဖြတ်သွားစဉ် တစ်ဖက်ကမ်း နယ်စပ် မြန်မာစစ်စခန်းဘက်မှ သေနတ်တစ်ချက် ပစ်ဖောက်ခဲ့သဖြင့် မယ့်စလောင်းဒေသဘက်ကမ်းပါးတွင် စုပုံထားသည့် ရိက္ခာများအမြန်ဖယ်ရှားပေးရန် ဒေသခံများက ထိုင်းတာဝန်ရှိသူများကို တောင်းဆိုထားသည်။
သံလွင်မြစ်ဘေး မယ့်စလောင်းကမ်းပါးတွင် မတ်လ (၂၀) ရက်နေ့ကတည်းက စုပုံထားသည့် ဆန်၊ဆီ ရိက္ခာများရှိရာ အနီးမှ ရွာသားအချို့ ၂၀၂၁ ခုနှစ် မတ်လ (၂၃) ရက်နေ့ နေ့လယ်ပိုင်းက ဖြတ်သွားစဉ် တစ်ဖက်ကမ်းမှ မြန်မာစစ်သား (၅) ဦးကို လှမ်းတွေ့ရသည့်အပြင် သေနတ်ပစ်ဖေါက်သံတစ်ချက်ကြားရပြီးနောက် ကျေးရွာသားအချို့မှာ ကြောက်လန့်၍ ရွာမှထွက်ပြေးတိမ်းရှောင်သွားကြကြောင်း သိရသည်။
မယ့်စလောင်းဒေသခံများက ၎င်းတို့လုံခြုံရေးအတွက် ကမ်းပါးတွင် စုပုံထားသည့် ရိက္ခာများအား မတ်လ (၂၄) ရက်နေ့နောက်ဆုံးထား၍ ရွှေ့ပေးရန် ထိုင်းတာဝန်ရှိသူများကို တောင်းဆိုထားကြောင်း သိရသည်။
ဒေသတွင်းကုန်သွယ်လမ်းကြောင်းမဟုတ်သည့် မြန်မာ - ထိုင်းနယ်စပ် မယ့်စလောင်းဒေသသို့ မတ်လ (၂၀) ရက်နေ့က ဆန်အိတ်များနှင့် ဆီပုံးအများအပြားရောက်လာသဖြင့် ဒေသခံများက သတိထားမိသွားကြခြင်းဖြစ်ပြီး အဆိုပါ ရိက္ခာများမှာ မယ့်စလောင်းတစ်ဖက်ကမ်းရှိ မြန်မာစစ်စခန်းသို့ ပို့ဆောင်ရန်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။
တရားဝင် ကုန်သွယ်လမ်းကြောင်းမဟုတ်သည့်နေရာသို့ ရိက္ခာများပို့ဆောင်ခြင်းကို ထိုင်းနိုင်ငံဘက်မှ လုံခြုံရေးတာဝန်ရှိသူများက ခွင့်ပြုလုပ်ဆောင်ပေးနေသည်ကို တွေ့ရသဖြင့် မြန်မာစစ်စခန်းသို့ ထိုင်းစစ်တပ်က ရိက္ခာများ ထောက်ပို့ခြင်းဖြစ်သည်ဟု သတင်းများ ထွက်လာခြင်းဖြစ်သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ထိုင်းစစ်တပ်အနေဖြင့် မြန်မာစစ်စခန်းအား ထောက်ပံ့ရန်အကြောင်းမရှိကြောင်း ထိုင်းစစ်တပ်ဘက်က ငြင်းဆိုလိုက်ပြီးနောက် နှစ်နိုင်ငံ စစ်တပ်တာဝန်ရှိသူများ ဦးဆောင်ကြသည့် မြန်မာ- ထိုင်း နယ်ခြားကော်မတီ (TBC) က အဆိုပါရိက္ခာများကို မြန်မာစစ်စခန်းအတွက် ထိုင်းဘက်က ဝယ်ယူနိုင်ရေးကို ကုန်သွယ်ရေးသဘောဖြင့် ကူညီပေးခဲ့သည်ဟု ၎င်းတို့၏ ပါဝင်ပတ်သက်မှုကို ထုတ်ဖေါ်ပြောကြားလာခြင်းဖြစ်သည်။
ထိုင်းဝန်ကြီးချုပ်ကလည်း အဆိုပါရိက္ခာကိစ္စကို လူသားချင်းစာနာမှုအကူအညီအနေဖြင့် ထိုင်းဘက်မှ ရိက္ခာဝယ်ယူခြင်းအား ကုန်သွယ်ရေးသဘောဖြင့်ကူညီခြင်းသာဖြစ်ပြီး ထိုင်းနိုင်ငံကလည်းကောင်း၊ ထိုင်းစစ်တပ်ကလည်းကောင်း မြန်မာစစ်တပ်အား ကူညီခြင်းအဖြစ် မဖေါ်ပြကြရန် ပြောကြားထားကြောင်း ဒေသတွင်းမီဒီယာများတွင် ဖေါ်ပြချက်အရ သိရသည်။
မြန်မာစစ်တပ်က နိုင်ငံအာဏာသိမ်းပြီးနောက် လက်နက်မဲ့ပြည်သူများအား အကြမ်းဖက်နှိမ်နှင်းနေသည့်အတွက် အဆိုပါ လုပ်ရပ်များရပ်တန့်ရန် တွန်းအားပေးသည့်အနေဖြင့် ဒေသတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် KNU က မြန်မာစစ်တပ်အတွက် ရိက္ခာပို့လမ်းကြောင်းများ ဖြတ်တောက်၍ ဖိအားပေးနေချိန်တွင် ထိုင်းဘက်က ယင်းကဲ့သို့ ကူညီပေးနေခြင်းအား ထိုင်းနိုင်ငံသားများကပါ ပြင်းထန်စွာဝေဖန်မှုများ ထွက်ပေါ်နေခြင်းဖြစ်သည်။
ယင်းအပြင် အဆိုပါဒေသမှာ KNU တပ်မဟာ (၅) နယ်မြေဖြစ်၍ ထိုင်းဘက်မှ မြန်မာစစ်စခန်းအတွက် ရိက္ခာထောက်ပို့ခြင်းများမလုပ်ရန် KNU ကလည်း ထုတ်ပြန်အသိပေးထားရာ မယ့်စလောင်းဒေသဘက်ကမ်းမှ ရိက္ခာများမှာ သံလွင်မြစ်ကမ်းမှ မရွှေ့နိုင်သေးဘဲ ဖြစ်နေခြင်းဖြစ်သည်။
Source: The Reporter