ကျိုင်းတုံ မြန်မာ့စီးပွားရေးဘဏ်တွင် Covid-19 အတည်ပြုလူနာ (၄)ဦး ရှိထားသော်လည်း ဘဏ်အား ပိုးသတ်ဆေးဖျန်းပြီး ပုံမှန်အတိုင်း ဖွင့်ထား

ကျိုင်းတုံမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ဘဏ်ဝန်ထမ်း(၄)ဦး၌ ဇွန်လ(၂၉)ရက်နေ့က Covid-19 တွေ့ထားရသော်လည်း ဘဏ်အား ပိုးသတ်ဆေးများ ဖျန်းကာ ဆက်လက်ဝန်ဆောင်မှုပေးနေလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဘဏ်မှ ဝန်ထမ်း(၄)ဦးတွင် Covid-19 တွေ့ရှိရသည့်အတွက်  ယနေ့ ဇွန်လ(၃၀)ရက်နေ့ နံနက်ပိုင်း Covid-19 ကာကွယ်ထိန်းချုပ်ရေးအတွက် ပိုးသတ်ဆေးများကို ဘဏ်၏ အတွင်းနှင့် အပြင်တွင် ဆေးဖျန်းထားပြီး ဘဏ်လုပ်ငန်း မထိခိုက်စေရေးအတွက်  Covid-19 ကာကွယ်ရေး နည်းလမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ပြီး ဘဏ်ကို ပုံမှန်အတိုင်း ဖွင့်လှစ်ထားကြောင်း သိရသည်။

ဘဏ်ဝန်ထမ်းများကို PPE များဝတ်၍ ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ကျိုင်းတုံ မြန်မာ့စီးပွားရေးဘဏ်မှ အတည်ပြုလူနာ (၄)ဦးနှင့် ထိတွေ့မှုရှိသည့် မိသားစု နှင့် ဘဏ်ဝန်ထမ်းများ အပါအဝင် (၅၃)ဦးရှိရာ ပထမအကြိမ်အဖြစ် RDT Test Kit ဖြင့် စစ်ဆေးရာ အားလုံးတွင် ပိုးမတွေ့ရသော်လည်း နောက်တစ်ကြိမ်တွင် သတ်မှတ်ရက်များတွင် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။ 

ဘဏ်အား Covid-19 ကာကွယ်ရေးအတိုင်း စနစ်တကျ လုပ်ဆောင်ထားသည်ဟု ဆိုသော်လည်း ယနေ့ နေ့လည်ပိုင်းတွင် ဘဏ်၏ အဝင်ဝ၌ လူစုလူဝေးဖြစ်ပေါ်နေသည်ကိုလည်း တွေ့ရသည်။

ကျိုင်းတုံမြို့တွင် လက်ရှိ၌ ဘဏ်ဝန်ထမ်း (၄)ဦး နှင့် တာချီလိတ်မှ လာသည့် (၁)ဦး အပါအဝင် စုစုပေါင်း အတည်ပြုလူနာ (၅)ဦး ရှိနေကြောင်း သိရသည်။

ဗီဒီယိုအညွန်း - ဇွန်လ(၃၀)ရက်နေ့ နေ့လည်(၂)နာရီဝန်းကျင်က ဘဏ်ရှေ့ လူစုလူဝေး မြင်ကွင်း