တာမွေမြို့နယ်တွင် စစ်ကားပေါ် ပေါက်ကွဲပြီး မီးလောင်မှု [18.6.2021]

ရန်ကုန်မြို့ တာမွေမြို့နယ်အတွင်း ၂၀၂၁ ခုနှစ်၊ ဇွန်လ (၁၈) ရက်နေ့ ညနေ(၃)နာရီကျော်အချိန်က စစ်ကားတစ်စီးနှင့် တက္ကစီတစ်စီးတို့တွင် ပေါက်ကွဲမှုဖြစ်ပွားပြီး အာဏာသိမ်းစစ်ကောင်စီတပ်မှ (၄) ဦးနှင့် အရပ်သား (၁)ဦးသေကာ စစ်သားနှင့်အရပ်သား စုစုပေါင်း (၇)ဦးထက်မနည်း ဒဏ်ရာရသွားသည်ဟု သိရသည်။

သီတာမှတ်တိုင်နားက ကြံ့ခိုင်ရေးရုံးရှေ့မှာ အမြဲတမ်း စစ်ကားတစ်စီးရှိတယ်။ စစ်ကားပေါ်မှာ (၁၀) ယောက်ကျော် ထိုင်နေတယ်။ အဲဒီနားက ထိုင်စရာမရှိတော့ ကားပေါ်မှာ ထိုင်ကြတယ်။ ဖြစ်ဖြစ်ချင်း စစ်ကားက (၄) ယောက်သေတယ်။ (၆) ဦိးကျော်ကျော်လောက် ဒဏ်ရာရတယ်။ လက်ရှိ လူနာတင်ကား (၄) စီးထွက်သွားပြီ

ဟု အခင်းဖြစ်နေရာအား မျက်မြင်တွေ့ရသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ညနေ (၄)နာရီ (၄၅)မိနစ်အချိန်တွင် အတည်ပြုပြောကြားသည်။

တာမွေမြို့နယ် သီတာမှတ်တိုင်အနီး ဗညားဒလလမ်းပေါ်ရှိ ကြံ့ခိုင်ရေးရုံးကို လာစောင့်နေသည့် အာဏာသိမ်းစစ်တပ်၏ စစ်ကားတစ်စီးပေါ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး စစ်ကားမှာ မီးလောင်သွားကာ မရှေးမနှောင်းမှာပင် တာမွေ ၁၅၅ လမ်းထိပ်တွင်လည်း Toyota Vitz တက္ကစီတစ်စီးပေါ်၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သိရသည်။

တက္ကစီပေါက်ကွဲမှုကြောင့် ယာဉ်ပေါ်ပါသူ (၂) ဦးအနက် (၁) ဦးလက်ပြတ်သွားကာ၊ (၁) ဦးသေဆုံးသွားကြောင်းနှင့် ပေါက်ကွဲမှုများဖြစ်ပြီးနောက် အာဏာသိမ်းစစ်ကောင်စီတပ်က အနီးဝန်းကျင်ကို ပိတ်ဆို့ကာ ရှာဖွေစစ်ဆေးမှုများ လုပ်နေကြောင်း သိရသည်။



အလားတူ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်တွင်လည်း  နေ့လယ်ပိုင်းက ရုံးရှေ့မှတ်တိုင်အနီးရှိ City Mart အနီးတွင် ပေါက်ကွဲမှု (၄) ကြိမ်ဖြစ်ပွားခဲ့သဖြင့် ရုံးရှေ့မှတ်တိုင်နှင့် ၁၀၃ မှတ်တိုင်တို့ကြားကို ပိတ်ဆို့ကာ အာဏာသိမ်းစစ်ကောင်စီ၏အဖွဲ့များက ရှာဖွေမှုများ လုပ်နေကြသည်ဟု သိရသည်။



Photo: CJ