ရန်ကုန်တွင် ငြိမ်းချမ်းစွာဆန္ဒပြနေသည့် လူငယ်များကို အာဏာသိမ်းအဖွဲ့က ကားများဖြင့်တိုက်၊ ‌ ပစ်ခတ်ဖြိုခွင်း

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်တွင် ယနေ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၅) ရက်နေ့ နံနက်က ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးလူငယ်သပိတ်ကို အာဏာသိမ်းအဖွဲ့က ကားများဖြင့်တိုက်၊ သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်းသဖြင့် လူငယ် (၄)ဦးထက်မနည်း သေဆုံးဖွယ်ရှိပြီး ဖမ်းဆီးခံရသူများလည်းရှိကြောင်း သိရသည်။

ကြည့်မြင်တိုင်၊ ပန်းပင်ကြီးလမ်းတွင် နံနက် (၈)နာရီခွဲဝန်းကျင်က ဆန္ဒပြရန်လူစုနေသည်ကို ဒလန်သတင်းပေးသဖြင့် အာဏာသိမ်းစစ်တပ်က ရောက်လာပြီး ကြိုတင်စောင့်ဆိုင်းကာ (၉)နာရီဝန်းကျင်တွင် ဆန္ဒပြသည့်လူငယ်များအား နောက်ဘက်မှနေ၍ အိမ်စီးကားများဖြင့် ဝင်တိုက်ကာ သေနတ်ဖြင့် ပစ်ခတ်မှုများ လုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မ​သေမရှင်ဖြစ်တဲ့လူကိုလည်း ခြေ​ထောက်​တွေနဲ့​ဆောင့်ကန်ကြတယ်။ ပြီး​တော့ အဲဒီကောင်​တွေက​ပြောလိုက်​သေးတယ်။ ခုနကလို​​အော်​လေတဲ့။ တကယ် လူစိတ်မရှိကြဘူး။ ​ခွေးမသား​တွေ

ဟု မျက်မြင်တွေ့ရသူတစ်ဦးက ဆိုသည်။

အာဏာသိမ်းအဖွဲ့၏ လက်နက်ကိုင်အဖွဲ့ စစ်တပ်က လမ်းမပေါ်တွင် ကားဖြင့်တိုက်၊ သေနတ်ဖြင့်ပစ်ဖမ်း လူငယ် (၅) ဦးခန့်ကျဆုံးမည်ဟု ကနဦးသတင်းရရှိသည်။

"ကိုယ်တွေမြင်တဲ့အချိန် စစ်ကားအောက်မှာ လူသုံးယောက်ပိနေပြီး ဆန့်တစ်ငင်ငင်နဲ့ဖြစ်နေပါတယ်။  လဲနေတဲ့ မသေမရှင်ဖြစ်နေတဲ့သူတွေကိုတောင် ခြေထောက်တွေနဲ့ ဝိုင်းကန်နေကြတာပါ။ ဒီဖက်ကနေ လှမ်းကြည့်နေတဲ့လူအုပ်ကိုလည်း သေနတ်နဲ့ချိန်ပီး အကုန်ပြန်ဝင်ဖို့ပြော‌နေပါတယ်။ မျက်စိအရှေ့မှာတင် မြင်နေရတဲ့ မြင်ကွင်းက ဘယ်လိုမှကိုမခံစားနိုင်အောင်ပဲ ဒေါသထွက်လိုက်တာ"ဟု မျက်မြင်တွေ့ရသူတစ်ဦးက ဆိုသည်။

ကျဆုံးသွားသည့်လူငယ်များ၏ အလောင်းကို အာဏာသိမ်းစစ်တပ်က လမ်းပေါ်တွင်စုပုံထားပြီး (၄) ဦးထက်မနည်း ဖမ်းဆီးခံရသည်ဟု ကနဦးသတင်းများအရ သိရသည်။

ရန်ကုန်၊ ကြည့်မြင့်တိုင်ကမ်းနားလမ်းပေါ်တွင် တတိယအကြိမ်မြောက် ပြည်သူလူထုကိုယ်စားပြု "ရန်ကုန်လူထုသပိတ်"စစ်ကြောင်း ချီတက်ဆန္ဒပြစဉ် အာဏာသိမ်းစစ်တပ်က စစ်ကြောင်းအနောက်မှနေ၍ Double Cup ဖြင့်တစ်ရှိန်ထိုးဝင်တိုက်ဖြိုခွဲကာ လမ်းမပေါ်တွင် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းအဖွဲ့သည် အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဆန့်ကျင်မှုအားလုံးကို နည်းလမ်းမျိုးစုံဖြင့် အကြမ်းဖက်သတ်ဖြတ်ဖြိုခွင်းမှုများကို အာဏာသိမ်းပြီးကတည်းက တောက်လျှောက်လုပ်ဆောင်နေခြင်းဖြစ်သည်။

 

Video: CJ