ထိုင်းနိုင်ငံ စမွတ်စာခွန် ပုဇွန်ဈေးမှ မြန်မာနိုင်ငံသားများ အပါအဝင် ရွှေ့ပြောင်းလုပ်သား (၂၉၀)ကျော်တွင် Covid-19 ပိုးမတွေ့၍ လုပ်ငန်းခွင်ပြန်ဝင်နိုင်တော့မည်

ထိုင်းနိုင်ငံ စမွတ်စာခွန် ပုဇွန်ဈေးမှ မြန်မာနိုင်ငံသားများ အပါအဝင် ရွှေ့ပြောင်းလုပ်သား (၂၉၀)ကျော်တွင် Covid-19 ပိုးမတွေ့၍ လုပ်ငန်းခွင်ပြန်ဝင်နိုင်တော့မည်

ထိုင်းနိုင်ငံ၊ စမွတ်စာခွန် ပုဇွန်ဈေးမှ မြန်မာနိုင်ငံသားများ အပါအဝင် ရွှေ့ပြောင်းလုပ်သား (၂၉၀)ကျော်ကို (၁၄)ရက် အသွားအလာကန့်သတ်၍ COVID 19 စစ်ဆေးရာ ပိုးမတွေ့ရသဖြင့် လုပ်ငန်းခွင်ပြန်လည် ဝင်ရောက်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

COVID 19 ဒေသတွင်းကူးစက်မှု စတင်တွေ့ရသည့် စမွတ်စာခွန် ပုဇွန်ဈေးမှ ရွှေ့ပြောင်းလုပ်သား (၂၉၂)ဦးကို ပြည်နယ်အားကစားရုံ၌ ယာယီဖွင့်လှစ်ထားသည့် ဆေးရုံတွင် အသွားအလာကန့်သတ်ထားပြီး ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့တွင် စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

စမွတ်စာခွန် ရှိ ပုဇွန်ဈေးတွင် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ဆိုင်ရှင်တစ်ဦး၌ COVID 19 စတင်တွေ့ရပြီးနောက် အဆိုပါ ပုဇွန်ဈေးနှင့်ဆက်စပ်သည့် နေရာအတော်များများအထိ ဒေသတွင်း ကူးစက်မှုများကို တွေ့လာရခြင်းဖြစ်သည်။

အသွားအလာကန့်သတ်စစ်ဆေးပြီးနောက် လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ကြမည့် ရွှေ့ပြောင်းလုပ်သားများအား ထိုင်းကြက်ခြေနီအသင်းက အရေးပေါ်ပစ္စည်းအစုံအလင်ပါဝင်သည့်အိတ်တစ်လုံးစီကိုလည်း ပံ့ပိုးပေးကြောင်း သိရသည်။

လုပ်ငန်းခွင်ပြန်ဝင်ကြမည့် ရွှေ့ပြောင်းလုပ်သားများအနေဖြင့် COVID 19 ကင်းစင်ကြောင်း ကျန်းမာရေးထောက်ခံချက်၊ နိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဆုံးရက်များနှင့်အတူ စာရင်းဖြည့်သွင်းကြရမည်ဖြစ်ကြောင်း သိရသည်။

စမွတ်စာခွန် ပုဇွန်ဈေးတွင် ဒီဇင်ဘာလ (၁၇)ရက်နေ့က အတည်ပြုလူနာစတင်တွေ့ရပြီးနောက် အဆိုပါဈေးနှင့် အနီးတဝိုက်မှ ရွှေ့ပြောင်းလုပ်သား (၂,၀၀၀) နီးပါးကို စစ်ဆေးထားရာ (၇၀၀) နီးပါးတွင် ပိုးတွေ့ခဲ့ရသည်။

စမွတ်စာခွန် ဒေသတွင် ဇန်နဝါရီလ (၁၀) ရက်နေ့အထိ အတည်ပြုလူနာ (၃,၂၆၁)ဦးတွေ့ရသည့်အနက် ထိုင်းနိုင်ငံသား (၇၂၀)ဦးနှင့် ရွှေ့ပြောင်းလုပ်သား (၂,၅၄၁)ဦးပါဝင်သည်ဟု သိရသည်။

Tachileik News Agency

Source: Bangkok Post,The National

Photo: The National

ချယ်ရီထိုက် (အင်မိုင်ခ)သည် Tachileik News Agency ၏ စီမံခန့်ခွဲမှုအယ်ဒီတာချုပ်ဖြစ်သည်။