ရုရှားစစ်တပ်၏ တိုက်လေယာဥ်တစ်စီး ဆိုက်ဘေးရီးယားနယ်မြေတောင်ပိုင်း လူနေဧရိယာတစ်ခုအတွင်းသို့ အောက်တိုဘာလ (၂၃) ရက်နေ့က ပျက်ကျခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောသည်။
Shkhoi Su-30 အမျိုးအစား တိုက်လေယာဥ်မှာ Irkutsk မြို့ရှိ (၂) ထပ် အိမ်တစ်လုံးပေါ်သို့ ပျက်ကျခဲ့ကြောင်း နယ်မြေအုပ်ချုပ်ရေးမှူး Igor Kobzev က Telegram တွင် ပြောထားသည်။
တိုက်လေယာဥ် ပျက်ကျမှုအတွင်း လေယာဥ်မှူး (၂) ဦးလုံး သေဆုံးခဲ့ကြောင်းနှင့် မြေပြင်ရှိ အခြား လူများ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း ၎င်းကဆိုသည်။
Shkhoi Su-30 တိုက်လေယာဥ် ပျက်ကျပြီး လေယာဥ်မှူး (၂) ဦး သေဆုံးခဲ့ကြောင်း ရုရှားအရေးပေါ်ဝန်ကြီးဌာနကလည်း အောက်တိုဘာလ (၂၃) ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ တိုက်လေယာဥ်မှာ လေ့ကျင့်ပျံသန်းနေစဥ် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်လေယာဥ် ပျက်ကျမှုဖြစ်ပွားခဲ့သည့် Irkutsk မြို့မှာ ရုရှားလေယာဥ်ထုတ်လုပ်ရေးအတွက် အချက်အချာ နေရာတစ်ခုဖြစ်ပြီး Sukhoi စစ်လေယာဥ်များ ထုတ်လုပ်သည့် အဓိက နေရာတစ်ခုလည်း ဖြစ်သည်။
တိုက်လေယာဥ် ပျက်ကျမှုကြောင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပျက်စီးခဲ့ရာ နေအိမ် (၁၅၀) ခန့် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ကြောင်းနှင့် ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း Kobzev က ပြောသည်။
ယခုဖြစ်ရပ်မှာ တစ်ပတ်အတွင်း ဒုတိယမြောက် ရုရှားတိုက်လေယာဥ် ပျက်ကျမှုဖြစ်လာကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၁၇) ရက်နေ့ကလည်း ရုရှားတောင်ပိုင်း Yeysk မြို့တွင် လူနေတိုက်ခန်းအဆောက်အအုံပေါ်သို့ Su-34 တိုက်လေယာဥ်တစ်စီး ပျက်ကျခဲ့သည်။
အဆိုပါ တိုက်လေယာဥ် ပျက်ကျမှုတွင် လေယာဥ်မှူး (၂) က ဘေးကင်းစွာ အရေးပေါ် ခုန်ထွက်နိုင်ခဲ့သော်လည်း လူနေတိုက်ခန်းများရှိ လူ (၁၅) ဦးထက်မနည်း သေဆုံးပြီး (၂၆) ဦး ဒဏ်ရာရခဲ့သည်။
Source: RT, BBC