အစိုးရသစ်သို့ အာဏာလွှဲပြောင်းမှု အဆင်ပြေချောမွေ့စေရမည်ဟု ယာယီ ထိုင်းဝန်ကြီးချုပ် ပရာယွတ်က အာမခံ

Photo: Reuter
Photo: Reuter
အစိုးရသစ်သို့ အာဏာလွှဲပြောင်းမှု အဆင်ပြေချောမွေ့စေရမည်ဟု ယာယီ ထိုင်းဝန်ကြီးချုပ် ပရာယွတ်က အာမခံ
By Mr John

ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ယာယီအစိုးရထံမှ အစိုးရသစ်သို့ အာဏာလွှဲပြောင်းမှု အဆင်ပြေချောမွေ့စေရန် နိုင်ငံကို မေလ (၂၃) ရက်နေ့တွင် အာမခံခဲ့ပြီး အာဏာလွှဲပြောင်းရေး လုပ်ငန်းစဥ်အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်၍ လုံလောက်သည့် အစီအမံများကို ဆက်လက် ထိန်းသိမ်းဆောင်ရွက်သွားမည်ဟု ပြောကြားသည်။ 

နိုင်ငံက ရှေ့ဆက်ရမှာဖြစ်တာကြောင့် အစိုးရသစ်တက်လာဖို့ စောင့်ဆိုင်းနေချိန်မှာ ပြည်သူလူထုကို ဂရုစိုက်စောင့်ရှောက်ဖို့ ကျွန်တော်တို့ ဆက်လက် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်

 ဟု ယာယီဝန်ကြီးချုပ် ပရာယွတ်က ဆိုသည်။

အများပြည်သူကို ကမောက်ကမ ဖြစ်စေနိုင်သည့် နိုင်ငံရေးအခြေအနေနှင့် ပတ်သက်၍ စိုးရိမ်ပူပန်စရာ အနာဂတ်ဖြစ်နိုင်ခြေများကို ဖန်တီးခြင်း မလုပ်ကြရန်လည်း ပရာယွတ်က ဘက်အားလုံးကို တိုက်တွန်းခဲ့သည်။ 

ကျေးဇူးပြုပြီး နောက်ထပ် ပြဿနာတွေ မဖန်တီးပါနဲ့။ ကျွန်တော် ကိုယ်တိုင်က ပုံမှန်အားဖြင့် ဘယ်ဘက်နဲ့မှ ပြဿနာမရှိပါဘူး။ လက်ရှိ ဒီမိုကရေစီလုပ်ငန်းစဥ်ကို ကျွန်တော် လေးစားပါတယ်

 ဟု ပရာယွတ်က ပြောသည်။

ယာယီအစိုးရထံမှ အစိုးရသစ်သို့ အာဏာလွှဲပြောင်းမှုအတွင်း နိုင်ငံ၏ စီးပွားရေးမြှင့်တင်မှုကို ဆက်လက်ထိန်းသိမ်းရန် လိုအပ်မှုအပေါ် စိုးရိမ်ပူပန်မှုများနှင့် ပတ်သက်၍လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန်နှင့် တွန်းအားပေးရန် လုံလောက်သည့် အစီအမံများရှိထားကြောင်း ၎င်းကဆိုသည်။

မကြာသေးမီက ထိုင်းနိုင်ငံ၏ နိုင်ငံရေး မသေချာ မရေရာမှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုကြောင့် ထိုင်းအစိုးရ၏ ငွေတိုက်စာချုပ်များကို ကမ္ဘာတဝန်း ငွေကြေးအဖွဲ့အစည်းများက အကြီးအကျယ် ရောင်းချမှုအပေါ် မေးမြန်းခဲ့ရာ ထိုအဖွဲ့အစည်းများက ထိုင်းအစိုးရ ငွေတိုက်စာချုပ်များ ရောင်းချနေခြင်းကို ရပ်တန်ရန့် မဖြစ်နိုင်ဟု ပရာယွတ်က ဖြေကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် နိုင်ငံရေး မသေချာ မရောမှုအချို့ ရှိနေသော်လည်း ကောင်းမွန်သည့် ဘဏ္ဍာရေးအခြေအနေ ရှိနေဆဲဖြစ်ကြောင်းနှင့် ဘက်အားလုံးအနေဖြင့် ပြဿနာများ ပိုမိုဆိုးရွားမလာစေရေး တားဆီးကာကွယ်ရာတွင် ပူးပေါင်းပါဝင်သင့်ကြောင်း ယာယီဝန်ကြီးချုပ် ပရာယွတ်က ပြောသည်။ 

၎င်းမျှော်လင့်ထားသည့် တစ်ခုတည်းသောအရာမှာ နိုင်ငံ ငြိမ်းချမ်းရေးဖြစ်ကြောင်းနှင့် ယာယီဝန်ကြီးချုပ်တစ်ဦး အနေဖြင့် အစိုးရသစ်တက်လာချိန်အထိ ၎င်း၏ တာဝန်ကို အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းသွားမည်ဟုလည်း ပရာယွတ်က ဆိုသည်။

ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီက ဦးဆောင်လာမည့် ထိုင်းနိုင်ငံ၏ အစိုးရအဖွဲ့သစ်ကို ၂၀၂၃ ခုနှစ် ဩဂုတ်လ ဒုတိယပတ်တွင် အတည်ပြု ခန့်အပ်ရန် မျှော်မှန်းထားကြောင်း ယာယီအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Anucha Burapachaisri က မေလ (၂၃) ရက်နေ့တွင် ‌ပြောထားသည်။ 

Move Forward က အခြား မဟာမိတ်ပါတီများဖြစ်သည့် Pheu Thai ၊ Prachachat ၊ Thai Sang Thai, Seri Ruam Thai (Thai Liberal) ၊ Fair ၊ Plung Sungkom Mai (New Force) နှင့် Pheu Thai Rumphlang တို့နှင့် ပူးပေါင်း၍ ညွန့်ပေါင်းအစိုးရဖွဲ့ရန် စီစဥ်နေသည်။

ဆက်စပ်သတင်းအရ ညွန့်ပေါင်းအုပ်စုတွင် ပါဝင်သည့် Pheu Thai ပါတီက ၎င်းတို့အနေဖြင့် အောက်လွှတ်တော်ဥက္ကဌ ရာထူးနေရာကို ရရှိသင့်ကြောင်းနှင့် ထိုရာထူးနေရာအတွက် Move Forward ထက် ၎င်းတို့ထံတွင် သင့်တော်သောလူများ ပိုမိုရှိထားသည်ဟု Pheu Thai ပါတီမှ ရွေးကောက်ခံ လွှတ်တော်အမတ် Adisorn Piangket က ပြောကြားကြောင်း သိရသည်။



Source: Bangkok Post