အွန်လိုင်းလောင်းကစားလုပ်ငန်းနှင့် ပတ်သက်၍ ရာထူးကနေ ဆိုင်းငံ့ခံထားရသည့် ထိုင်းရဲချုပ်ကို မူလရာထူး ပြန်လည် ခန့်အပ်

အွန်လိုင်းလောင်းကစားလုပ်ငန်းနှင့် ပတ်သက်၍ ရာထူးကနေ ဆိုင်းငံ့ခံထားရသည့် ထိုင်းရဲချုပ်ကို မူလရာထူး ပြန်လည် ခန့်အပ်
By Mr John

 ထိုင်းနိုင်ငံတွင် အွန်လိုင်းလောင်းကစားလုပ်ငန်း အပါအဝင် အမှုကိစ္စများနှင့် ပတ်သက်၍ ရဲချုပ်နှင့် ဒုရဲချုပ်တို့ကြား အငြင်းပွားမှု ပေါ်ပေါက်ခဲ့ရာ ဝန်ကြီးချုပ်၏ ညွှန်ကြားချက်အရ ကော်မတီဖွဲ့၍ စုံစမ်းစစ်ဆေးခဲ့ပြီးနောက် ယခုအခါ ရဲဗိုလ်ချုပ်ကြီး Torsak Sukvimol ကို မူလရာထူး ရဲချုပ်အဖြစ် ပြန်လည် ခန့်အပ်လိုက်ကြောင်း ဝန်ကြီးချုပ် ဆရတ်သာ သာဗီစင်၏ အကြံပေးတစ်ဦးဖြစ်သူ Wissanu Krea-ngam က ဆိုသည်။

ဝန်ကြီးချုပ်က ရဲချုပ် ရဲဗိုလ်ချုပ်ကြီး Torsak နှင့် ၎င်း၏လက်ထောက် ဒုရဲချုပ် ရဲဗိုလ်ချုပ်ကြီး Surachate Hakparn တို့ကြား အငြင်းပွားမှုကို စုံစမ်းစစ်ဆေးရန် ပြည်ထဲရေးဝန်ကြီးဌာန အတွင်းဝန် Chatchai Promlert ဦးဆောင်သော အချက်အလက် ရှာဖွေရေးကော်မတီတစ်ရပ် ဖွဲ့စည်းတာဝန်ပေးခဲ့သည်။ 

ထိုကော်မတီ၏ စုံစမ်းစစ်ဆေးမှု ရလဒ်များကို ဝန်ကြီးချုပ်၏ အကြံပေး Wissanu က ၂၀၂၄ ခုနှစ် ဇွန်လ (၂၀) ရက်နေ့တွင် ထုတ်ဖော်ပြောခဲ့သည်။

(၄) လကြာ စုံစမ်းစစ်ဆေးမှုက ထိုင်းတော်ဝင်ရဲတပ်ဖွဲ့အတွင်း အငြင်ပွားမှုများနှင့် အမိန့်မနာခံမှုများ ရာထူးအဆင့် အားလုံးတွင်ရှိကြောင်း အတည်ပြုခဲ့သည်။ 

သို့သော် ထိုပြဿနာများမှာ အကြောင်းရင်း တစ်ခုတည်းမှ သို့မဟုတ် အကြောင်းရင်းမျိုးစုံမှ အစပြုခဲ့ကြောင်းကိုမူ အတိအကျ မသိရကြောင်း Wissanu က ဆိုသည်။

ရဲဗိုလ်ချုပ်ကြီး Torsak နှင့် ရဲဗိုလ်ချုပ်ကြီး Surachate တို့ (၂)ဦးလုံးထံတွင် အငြင်းပွားမှုများ၌ ပါဝင်နေသော အဖွဲ့ဝင်များ ကိုယ်စီ ရှိကြကြောင်းလည်း အချက်အလက် ရှာဖွေမှုများအရ တွေ့ရှိရသည်ဟု ၎င်းက ဖြည့်စွက် ပြောသည်။ 

ထိုင်းရဲတပ်ဖွဲ့၏ ရဲချုပ်နှင့် ဒုရဲချုပ်တို့အကြား အငြင်းပွားမှု ပြဿနာကို စုံစမ်းစစ်ဆေးရာတွင် အဓိက အမှုကြီး (၄) ခုကို အာရုံစိုက်ခဲ့ကြောင်း သိရသည်။

ထိုအမှုကြီး (၄) ခုမှာ လောင်းကစားလုပ်ငန်း သံသယရှိသူတစ်ဦးနှင့် ရဲမှူးတစ်ဦး ပါဝင်ပတ်သက်သော ဘတ် သန်း (၁၄၀) ခြိမ်းခြောက်ငွေညှစ်မှု၊ Nakhon Pathom ပြည်နယ်တွင် ဩဇာကြီး ထင်ရှားသူ Praween Chankhlai ပါဝင်ပတ်သက်သော အမြန်လမ်း ရဲအရာရှိတစ်ဦးကို ပစ်ခတ်မှု၊ Minnie အွန်လိုင်းလောင်ကစားလုပ်ငန်းအမှုနှင့် BNK Master အွန်လိုင်းလောင်းကစားလုပ်ငန်းအမှုတို့ ဖြစ်သည်။

ထို့အပြင် အခြား အမှု (၁၀) ခုကိုလည်း ရဲစခန်းများနှင့် အဂတိလိုက်စားမှုဆိုင်ရာ ရာဇဝတ်မှုတရားရုံးနှင့် Misconduct Cases Region 7 တို့တွင် အမှုဖွင့်ထားကြောင်း သိရသည်။ 

အချို့ အငြင်းပွားမှုများမှာ မကြာသေးမီက ဖြစ်ပွားခြင်းဖြစ်ပြီး အခြား အမှုများမှာ လွန်ခဲ့သော (၁၀) နှစ်က ဖြစ်ကြောင်း Wissanu က ပြောသည်။

၂၀၂၄ ခုနှစ် မတ်လ (၂၀) ရက်နေ့တွင် ဝန်ကြီးချုပ် သာဗီစင်က ရဲချုပ် ရဲဗိုလ်ချုပ်ကြီး Torsak နှင့် ဒုရဲချုပ် ရဲဗိုလ်ချုပ်ကြီး Surachate တို့ (၂) ဦးလုံးကို ဝန်ကြီးချုပ်ရုံးသို့ ရုတ်တရက် ရွှေ့ပြောင်းလိုက်ပြီးနောက် ဒုရဲချုပ်တစ်ဦးဖြစ်သူ Kitrat Panphet ကို ယာယီ ရဲချုပ်အဖြစ် တာဝန်ပေးခဲ့သည်။ 

ယင်းနောက် ရဲဗိုလ်ချုပ်ကြီး Torsak ကို စုံစမ်းစစ်ဆေးရန် နောက်ထပ် အကြောင်းကိစ္စများ မရှိတော့သဖြင့် ၎င်းကို မူလရာထူး ရဲချုပ်အဖြစ် ပြန်လည် ခန့်အပ်ရန် သဘောတူခဲ့ကြောင်း သိရသည်။ 

ထိုင်းရဲချုပ် ရဲဗိုလ်ချုပ်ကြီး Torsak က ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၃၀) ရက်နေ့တွင် အငြိမ်းစားယူရန် စီစဥ်ထားသူလည်း ဖြစ်သည်။

 

Source: Bangkok Post