ထိုင်းနိုင်ငံ၊ စမုစခွန်ဒေသရှိ ပင်လယ်စာဈေးမှစတင်၍ COVID 19 ဒေသတွင်း ကူးစက်မှုဖြစ်ပွားလာသည့်အတွက် ထိုင်းနိုင်ငံမှ ပင်လယ်စာတင်ပို့မှုကို လာအိုနိုင်ငံက ယာယီတားမြစ်လိုက်ကြောင်း သိရသည်။
နိုင်ငံတွင်း COVID 19 ကူးစက်မှုမရှိစေရန် ထိုင်းနိုင်ငံမှ ပင်လယ်စာတင်ပို့မှုအား ယာယီရပ်တန့်ထားရန် လာအိုစက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၂၃)ရက်နေ့၌ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ပင်လယ်စာများတွင် COVID 19 ကင်းစင်ပြီး ဘေးကင်းကြောင်း နှစ်နိုင်ငံက အတည်ပြုနိုင်သည့်အခြေအနေအထိ တင်ပို့မှုအား ကန့်သတ်ထားမည်ဟု သိရသည်။
ထိုင်းနိုင်ငံတွင်း COVID 19 ဒေသတွင်းကူးစက်မှုမြင့်လာသည်နှင့်တစ်ပြိုင်နက် အိမ်နီးချင်း လာအိုနိုင်ငံက quarantine ထားရန်နေရာများကိုလည်း ဒီဇင်ဘာလ (၂၂)ရက်နေ့ကတည်းက ပြင်ဆင်ထားသည်ဟု သိရသည်။
ထိုင်းနိုင်ငံ စမုစခွန်ဒေသရှိ ပုဇွန်ဈေးမှ စတင်သည့် COVID 19 ဒေသတွင်းကူးစက်မှုကြောင့် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၂၄)ရက်နေ့ ကျန်းမာရေးဌာနက သတင်းထုတ်ပြန်သည့်အချိန်ထိ အဆိုပါဒေသကို အနီရောင်အဆင့်သတ်မှတ်၍ အသွားအလာကန့်သတ်ထားပြီး အဆိုပါဒေသနှင့် ဆက်စပ်၍ ဒေသတွင်းကူးစက်မှုအတည်ပြုလူနာ (၁၀)ဦးနှင့်အထက်တွေ့ရသည့် ဘန်ကောက်၊ ရတ်ချာဘူရီ၊ စမုဆုန်ခရမ်နှင့် နခွန်ပထုန်ဒေသများကို လိမ္မော်ရောင်အဆင့် သတ်မှတ်ထားကြောင်း သိရသည်။
ဒေသတွင်းကူးစက်မှု (၁၀)ဦးထက်နည်းသည့်ဒေသ (၁၅)ခုကိုလည်း အဝါရောင်အဆင့် သတ်မှတ်ထားခြင်းဖြစ်သည်။
ထိုင်းနိုင်ငံတွင်း ဒေသတွင်းကူးစက်မှုကြောင့် နှစ်သစ်ကူးပွဲတော်အစီအစဉ်များကို ဖျက်သိမ်းလိုက်သော်လည်း တစ်နိုင်ငံလုံးအသွားအလာကန့်သတ်သည်အထိ လုပ်ဆောင်ရန် မရှိသေးကြောင်း သိရသည်။
Tachileik News Agency
Source: The Nation