အမေရိကန်တွင် ဇနီးသည်ကို အရှင်လတ်လတ် မြေမြှုပ်သတ်သည့် အမျိုးသား ထောင်ဒဏ်တစ်သက် ချမှတ်ခံရ 

အမေရိကန်တွင် ဇနီးသည်ကို အရှင်လတ်လတ် မြေမြှုပ်သတ်သည့် အမျိုးသား ထောင်ဒဏ်တစ်သက် ချမှတ်ခံရ 
By Mr John

 အ‌မေရိကန်နိုင်ငံ အာရီဇိုးနားပြည်နယ်တွင် ၎င်း၏ ဇနီးကို အရှင်လတ်လတ် မြေမြှုပ်သတ်ခဲ့သည့် အမျိုးသားအား ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း အာဏာပိုင်များက ကြေညာသည်။ 

အသက်(၆၂)နှစ်ရှိ ဒေးဗစ် ပတ်ဂ်နီယာနိုက ၎င်း၏အမှုကို တရားရုံးတွင် ကြားနာစစ်ဆေးမှု မစတင်မီ ၂၀၂၄ ခုနှစ် မေလ (၉) ရက်နေ့တွင် အပြစ်ရှိကြောင်း ရုတ်တရက် ထွက်ဆိုခဲ့သည်ဟု Yuvapai ကောင်တီ ရှေ့နေ ဒေးဗစ် မက်ဂရိန်းက ပြောသည်။

"ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်အပေါ် သေဆုံးသူရဲ့ မိသားစုအနေနဲ့ အတန်အသင့် စိတ်ကျေနပ်ရှိလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်" ဟု ရှေ့နေ မက်ဂရိန်းက ၂၀၂၄ ခုနှစ် မေလ (၂၄) ရက်နေ့ ထုတ်ပြန်ချက်တွင်‌ ပြောထားသည်။ 

လူသတ်မှု ဖြစ်စဉ်မှာ ၂၀၁၇ခုနှစ် မေလအတွင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သတ်ခံရသူ စန်ဒရာ၏ အလောင်းကို ပရက်စကော့မြို့၏ မြောက်ဘက် (၁၀) မိုင်ခန့်အကွာ အစွန်အဖျား နေရာတစ်ခုရှိ လက်ဖြင့် တူးထားသော ခပ်တိမ်တိမ် တွင်းတစ်ခုထဲတွင် မြှုပ်နှံထားသည်ကို တွေ့ရကြောင်း သိရသည်။

"စန်ဒရာဟာ ပါကင်ထုပ်ပိုးတဲ့ တိပ်တွေနဲ့ကပ်ပြီး ချည်နှောင်ခံရတယ်။ ပြီးတော့ အစွန်အဖျား နေရာတစ်ခုကို ကားနဲ့ခေါ်သွားပြီး အရှင်လတ်လတ် မြေမြှုပ်ခံခဲ့ရတယ်" ဟု ရှေ့နေ မက်ဂရိန်းက ပြောသည်။ 

အလောင်းမြှုပ်နှံထားသည့် နေရာကို စစ်ဆေးမှုအရ စန်ဒရာမှာ မသေဆုံးမီ မြေကြီးအောက်တွင် အပြင်းအထန် ရုန်းကန်ခဲ့သည့် အထောက်အထားများကို တွေ့ရကြောင်းနှင့် မြေမြှုပ်ခံရပြီးနောက် (၅) မိနစ်ကြာအထိ အသက်ရှိနေလျှက်ရှိခဲ့ပုံရကြောင်း ရှေ့နေက ဆိုသည်။

ဆဲလ်ဖုန်း အချက်အလက်များကို ခြေရာခံ စစ်ဆေးမှုအရ ခင်ပွန်းဖြစ်သူ ဒေးဗစ်မှာ ဇနီးသည် စန်ဒရာကို မြှုပ်နှံထား‌သော နေရာ၌ သူမ မသေဆုံးမီ ရက်ပိုင်းအလိုနှင့် သူမ ပျောက်ဆုံးသွားသည့် ညတွင် ရှိနေခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။ 

စန်ဒရာ ရေးထားသည့် ပုံစံဖြင့် စာ (၂) စောင်ကိုလည်း ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပြီး နေအိမ်နှင့် ၎င်းတို့၏ ကလေး (၂) ဦး အုပ်ထိန်းခွင့်ကို သူမ၏ ခင်ပွန်းကို ပေးအပ်ခဲ့ကြောင်း ပြောထားသည်။

သို့သော် မှုခင်းဆေးပညာဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှူးများက ထိုစာများကို သေဆုံးသူ ဇနီးသည်က ရေးခဲ့ခြင်း မဟုတ်ဘဲ ဒေးဗစ်က လုပ်ကြံ ရေးသားထားခြင်းသာ ဖြစ်ကြောင်း ဖော်ထုတ် သိရှိခဲ့ကြသည်။



၂၀၁၇ ခုနှစ် မေလအတွင်းက အသက်(၃၉)နှစ်အရွယ်သာ ရှိသေးသည့် စန်ဒရာမှာ ထိုအချိန်က ခင်ပွန်းဖြစ်သူ ဒေးဗစ်နှင့် အာရီဇိုးနားပြည်နယ် ဖီးနစ်မြို့၏ မြောက်ဘက် မိုင် (၈၀) ခန့်အကွာ  ပရက်စကော့မြို့ရှိ နေအိမ်တွင် အတူနေခဲ့ကြဆဲ ဖြစ်သော်လည်း ကွာရှင်းရန် စီစဥ်နေကြစဉ် ခင်ပွန်းဖြစ်သူက ယခုလို သတ်လိုက်ခြင်း ဖြစ်ကြောင်း စစ်ဆေးချက်များအရ သိရသည်။ 

  

Source: NY Daily News