အမေရိကန်ဒေါ်လာ (၁.၇) သန်း တန်ဖိုးရှိ ဝိုင်ပုလင်းများ ခိုးယူသူ (၂)ဦးကို (၉)လအကြာတွင် ဖမ်းမိ

အမေရိကန်ဒေါ်လာ (၁.၇) သန်း တန်ဖိုးရှိ ဝိုင်ပုလင်းများ ခိုးယူသူ (၂)ဦးကို (၉)လအကြာတွင် ဖမ်းမိ
ဇူလိုင် 23, 2022 | နိုင်ငံတကာသတင်း
By Mr John

စပိန်နိုင်ငံရှိ ဟိုတယ်တစ်ခုတွင် ဖွင့်လှစ်ထားသော စားသောက်ဆိုင်မှ အမေရိကန်ဒေါ်လာ (၁.၇) သန်း တန်ဖိုးရှိ ဝိုင်းပုလင်းများကို ခိုးယူခဲ့မှုဖြင့် မက္ကစီကိုအလှမယ်ဟောင်းနှင့် ကြံရာပါ ရိုမေးနီးယား-ဒတ်ချ် အမျိုးသားအဖော်တို့ကို ဥရောပတလွှား (၉) လကြာ လိုက်လံရှာဖွေထောက်လှမ်းခဲ့ပြီးနောက် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇူလိုင်လ (၂၀) ရက်နေ့တွင် ပြောသည်။

 

၂၀၂၁ ခုနှစ် အောက်တိုဘာလ (၂၇) ရက်နေ့က စပိန်အနောက်ပိုင်း Caceres မြို့တွင် ဖွင့်လှစ်ထားသော ဟိုတယ်၏ စားသောက်ဆိုင်မှ စုစုပေါင်း ဒေါ်လာ (၁.၇) သန်း တန်ဖိုးရှိ ဝိုင်းပုလင်း (၄၅) လုံးကို အသေးစိတ် အစီအစဥ်ချပြီး ခိုးယူသွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ထိုဝိုင်ပုလင်းများအနက် ဒေါ်လာ (၃၁၅,၀၀၀) နီးပါးတန်သည့် (၁၉) ရာစုနှစ်တွင် ထုတ်လုပ်ထားသော ဝိုင်ပုလင်းတစ်လုံးလည်း ပါဝင်ခဲ့သည်။

ခိုးယူသူ (၂) ဦးက Caceres မြို့ရှိ နာမည်ကြီး El Atrio ဟိုတယ်စားသောက်ဆိုင်မှ ဝိုင်ပုလင်းများကို သေသေချာချာ အချိန်ယူစီစဥ်ပြီး ခိုးသွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ 

နေ့စဥ်ထုတ် စပိန်သတင်းစာ El Pais ၏ အဆိုအရ ဝိုင်ပုလင်များ ခိုးယူခဲ့သည့် မက္ကစီကိုအမျိုးသမီးမှာ သူမ၏နိုင်ငံတွင် အလှမယ်ပြိုင်ပွဲဝင်ခဲ့သူဖြစ်ကြောင်းလည်း သိရသည်။

အသက် (၂၉) နှစ်အရွယ် ထိုအမျိုသမီးက El Atrio မှ စားပွဲထိုးများကို စားသောက်ဆိုင်၏ မီးဖိုချောင်ပိတ်ပြီးနောက် ဟိုတယ်ခန်းထဲသို့ ဝန်ဆောင်မှုပေးရန် မှာကြားခြင်းဖြင့် အာရုံလွှဲခဲ့ကြောင်း ရဲတပ်ဖွဲ့ စုံစမ်းရေးမှူးများက ယူဆထားသည်။ 

ထိုအချိန်တွင် သူမ၏ အသက် (၄၇) နှစ်အရွယ် အမျိုးသားအဖော်က ဝိုင်ပုလင်းများ သိမ်ဆည်းထားရှိရာ မြေအောက်ခန်းသို့ ဆင်းသွားခဲ့ပြီး ယခင် လာရောက်ခဲ့ဖူးစဥ်က ခိုးယူထားသော မာစတာကီး (master key) ဖြင့် တံခါးဖွင့်ဝင်ရောက်ကာ ဝိုင်ပုလင်းများကို ကျောပိုးအိတ် (၃) လုံးအပြည့်ထည့် ခိုးယူခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ကျောပိုအိတ်များကို အခြားသူများမမြင်အောင် ဟိုတယ်ခန်းမှ မျက်နှာသုတ်ပဝါများဖြင့် ပတ်ထားခဲ့သည်ဟု ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ သိရှိရသည်။ 

နောက်တစ်နေ့ နံနက် (၅) နာရီခွဲတွင် ထိုစုံတွဲက ဟိုတယ်မှ check out လုပ်ပြီး လမ်းလျှောက်ထွက်သွားခဲ့သည်ကို CCTV မှတ်တမ်းတွင်တွေ့ရကြောင်းနှင့် ဟိုတယ်တွင် ၎င်းတို့ တည်းခိုနေထိုင်ခဲ့ကြောင်း သဲလွန်စမကျန်ခဲ့ဟု ဆိုသည်။ 

ထိုစုံတွဲက ဟိုတယ်တွင် တည်းခိုနေထိုင်စဥ် ဆွစ်ဇာလန်နိုင်ငံသားများအဖြစ် စာရွက်စာတမ်းအတုများကို အသုံးပြုသွားခဲ့ကြသည်။

ရဲတပ်ဖွဲ့က ကနဦးတွင် ဝိုင်ပုလင်းများ ခိုးယူမှုကို ဂိုဏ်းတစ်ခုက နောက်ကွယ်မှ ကြိုးကိုင်စီစဥ်ခဲ့သည်ဟု ယူဆခဲ့ကြသေးသည်။ 

ဒေါ်လာသန်းနှင့်ချီတန်သည့် ဝိုင်ပုလင်းများ ခိုးယူမှုဖြင့် သံသယရှိသူ (၂) ဦးမှာ ခိုးယူမှုမတိုင်မီ El Atrio ကို (၃) ကြိမ် လာရောက်ခဲ့ကြဖူးပြီး အခြားလာရောက်ကြသူ အများအပြားကဲ့သို့ပင် ဝိုင်ပုလင်များ သိမ်းဆည်းထားရာ မြေအောက်ခန်းသို့ လည်ပတ်ကြည့်ရှုခဲ့ကြကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ခိုးယူခံရသည့် ဝိုင်ပုလင်းများအနက် တန်ဖိုးမဖြတ်နိုင်သည့် ၁၈၀၆ ခုနှစ်ထုတ် French Bordeaux Chateau d'Yquem ဝိုင်တစ်ပုလင်းလည်း ပါသွားခဲ့ကြောင်း El Atrio ဟိုတယ်စားသောက်ဆိုင် ပူးတွဲပိုင်ရှင် ဂျို့စ်ပိုလိုက ဆိုသည်။ 

"အဲဒီ ဝိုင်ပုလင်းက ကျွန်တော့် ပုဂ္ဂိုလ်ရေးသမိုင်းရဲ့ အစိတ်အပိုင်း ဖြစ်ခဲ့တယ်။ ကျွန်တော့်ရဲ့ အစိတ်အပိုင်းနီးပါးပဲ။ Atrio ရဲ့ သမိုင်းဖြစ်သလို Caceres မြို့နဲ့ သူ့ရဲ့မြို့သူမြို့သားတွေရဲ့ သမိုင်းပါ။ တကမ္ဘာလုံးမှာရှိတဲ့ ဝိုင်ချစ်သူတွေရဲ့ သမိုင်းပါ" ဟု ဂျို့စ်ပိုလိုက El Pais သတင်းစာသို့ ပေးပို့ခဲ့သည့် စာတစ်စောင်တွင် ပြောထားသည်။

သံသယရှိသူ (၂) ဦးမှာ ဝိုင်ပုလင်းများ ခိုးယူပြီးနောက် စပိန်ကနေ ရက်ပိုင်းအတွင်း ထွက်ခွာသွားခဲ့ကြောင်းနှင့် ၎င်းတို့ကို ဥရောပတလွှားတွင် လနှင့်ချီကြာ လိုက်လံရှာဖွေနေခဲ့ခြင်း ဖြစ်သည်။ 

နောက်ဆုံးတွင် မွန်တီနီဂရိုးမှ ခရိုအေးရှားကို ဝင်ရောက်လာစဥ် ခရိုးအေးရှားနယ်ခြားစောင့်တပ်ဖွဲ့က ၎င်းတို့ကို ဖော်ထုတ်သိရှိသွားခဲ့ကြောင်း စပိန်ရဲတပ်ဖွဲ့က ပြောသည်။

ဒေါ်လာသန်းနှင့်ချီတန်သည့် ဝိုင်ပုလင်းများ ခိုးယူသွားခဲ့သော စုံတွဲကို ဖမ်းမိရန် စပိန်ရဲတပ်ဖွဲ့က နယ်သာလန်၊ ခရိုအေးရှား၊ ရိုမေးနီးယားနိုင်ငံတို့မှ ရဲတပ်ဖွဲ့များအပြင် နိုင်ငံတကာရဲတပ်ဖွဲ့ Interpol နှင့်လည်း ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ယခုအခါ ထိုစုံတွဲကို တရားခံလွှဲပြောင်းရေးနှင့် တရားစွဲဆိုရေး လုပ်ဆောင်နေသည်ဟု ဆိုသည်။

 ခိုးယူခံရသည့် ဝိုင်ပုလင်းများကို ပြန်မတွေ့ရသေးဘဲ စုံစမ်းစစ်ဆေးမှု ဆက်လက် လုပ်ဆောင်နေကြောင်း စပိန်မီဒီယာများက ဖော်ပြသည်။

Source: Reuters

Photo: Carles Allende/Restaurante Atrio