နီပေါလေကြောင်းလိုင်း Shree Airlines ၏ Dash 8 (De Havilland Canada Dash 8) အမျိုးအစား ခရီးသည်တင် လေယာဥ်တစ်စီး ပျံသန်းနေစဥ် အင်ဂျင်တစ်လုံး မီးလောင်နေကြောင်း အချက်ပြမှုကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရသည်ဟု အစိုးရတာဝန်ရှိသူများက ပြောသည်။
လေယာဥ်အမှုထမ်းများ အပါအဝင် လူ (၇၈) ဦး လိုက်ပါသွားသည့် Shree Airlines လေယာဥ်မှာ မတ်လ (၉) ရက်နေ့က နီပေါနိုင်ငံ၏ မြို့တော် ခတ္တမန္ဒူမြို့မှ နိုင်ငံအနောက်တောင်ပိုင်း Bhairahawa နယ်မြေသို့ ခရီးစဥ်ပျံသန်းနေစဥ် အရေးပေါ်ဆင်းသက်ခဲ့ရသည်။
နီပေါတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း ATR 72 အမျိုးအစား ခရီးသည်တင်လေယာဥ် ပျက်ကျမှုကြောင့် လူ (၇၀) ကျော် သေဆုံးခဲ့ပြီးနောက် လေကြောင်း ပျံသန်းမှု ဘေးကင်းလုံခြုံရေး အထူးသတိပြုဆောင်ရွက်နေစဥ် ယခုဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
"လေယာဥ်ရဲ့ ညာဘက်အင်ဂျင်မှာ မီးလောင်နေတဲ့ အချက်ပြမှုတွေ့ရတယ်လို့ လေယာဥ်မှူးက သတင်းပို့ပြီးနောက် လေယာဥ်ကို ခန္တမန္ဒူကို ချက်ချင်း ပြန်လှည့်စေခဲ့တယ်" ဟု Shree Airlines ပြောခွင့်ရပုဂ္ဂိုလ် Anil Manandhar က Reuters သတင်းဌာနကို ပြောခဲ့သည်။
လေယာဥ်ကို ခတ္တမန္ဒူတွင် ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ပြီး ခရီးသည်နှင့် အမှုထမ်းအားလုံး ဘေးအန္တရာယ်ကင်းကြောင်း နီပေါနိုင်ငံ မြို့ပြလေကြောင်းပျံသန်းမှု အာဏာပိုင်အဖွဲ့ Civil Aviation Authority of Nepal (CAAN) ပြောခွင့်ရပုဂ္ဂိုလ် Jagannath Niroula က ဆိုသည်။
လေယာဥ်ဆင်းသက်ချိန်တွင် မီးလောင်မှုလက္ခဏာ မတွေ့ရှိခဲ့ကြောင်းလည်း ၎င်းက ပြောသည်။
နီပေါနိုင်ငံတွင် ဧဝရတ်တောင် (Mount Everest) အပါအဝင် ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ် (၁၄) ခုအနက် (၈) ခုရှိပြီး လေယာဥ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားသည့် သမိုင်းကြောင်းရှိထားသည်။
နီပေါတွင် ဖြစ်ပွားခဲ့သည့် လေယာဥ်မတော်တဆမှု အများအပြားမှာ မြေပြင်အနေအထားနှင့် မိုးလေဝသအခြေအနေ ရုတ်တရက် ပြောင်းလဲမှု တို့ကြောင့်ဖြစ်ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁၅) ရက်နေ့က လေယာဥ်အမှုထမ်းများ အပါအဝင် လူ (၇၂) ဦး လိုက်ပါသွားသည့် Yeti လေကြောင်းလိုင်း၏ ATR 72 အမျိုးအစား ခရီးသည်တင်လေယာဥ်တစ်စီး ပျက်ကျခဲ့ရာ လူ (၇၁) ဦး သေဆုံးခဲ့ကြောင်းနှင့် တစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ပြီး သေဆုံးခဲ့ကြောင်း သတ်မှတ်ထားသည်။
ပေါ့ခ်ဟာရာမြို့တွင် ဖြစ်ပွားခဲ့သည့် ထိုလေယာဥ်ပျက်ကျမှုမှာ နီပေါနိုင်ငံတွင် နှစ် (၃၀) အတွင်း အဆိုးဆုံး လေယာဥ်ပျက်ကျမှုလည်း ဖြစ်ခဲ့သည်။
Source: Reuters