အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းနှင့် ဆူမာတြားကျွန်းများနှင့် အနီးတဝိုက်တွင် ရစ်ချ်တာစကေး (၈.၉) အဆင့်ရှိ ကြီးမားသော ငလျင်ကြီးတစ်ခု လှုပ်ခတ်မှုနှင့်အတူ အမြင့် (၁၁၂) ပေအထိရှိသော ဆူနာမီရေလှိုင်းများ ဖြစ်ပေါ်နိုင်ကြောင်း မကြာသေးမီက အင်ဒိုနီးရှားသုတေသီများ ထုတ်ပြန်လိုက်သည့် အစီရင်ခံစာတွင် ဖော်ပြသည်။
မည်သည့်အချိန်ကာလတွင် ထိုသို့ ဖြစ်ပေါ်နိုင်ကြောင်းကိုမူ အစီရင်ခံစာက ဖော်ပြမထားဟု ဆိုသည်။
အနောက်ဂျာဗားပြည်နယ် တောင်ပိုင်းကမ်းရိုးတန်းနှင့် ဆူမာတြားကျွန်းရှိ အရှေ့မြောက်ပိုင်းတို့တွင် မြင့်မားသည့် မြေလွှာလှုပ်ရှားမှုအခြေအနေကို သုတေသီများက တွေ့ရှိခဲ့ကြသည်။
ထိုအခြေအနေက အဖျက်စွမ်းအားကြီးမားသည့် ငလျင်ကြီး လှုပ်ခတ်မှုကို ဖြစ်ပေါ်စေနိုင်ကြောင်း အောက်တိုဘာလ (၃၀) ရက်နေ့က Natural Hazardsd ဂျာနယ်တွင် ဖော်ပြထားသည့် အစီရင်ခံစာက ပြောသည်။
ထိုသို့ အင်အားပြင်းထန်လှသည့် ငလျင်လှုပ်ခတ်မှု ဖြစ်ပေါ်လာပါက ၂၀၀၄ ခုနှစ်တွင် ငလျင်ကြီးလှုပ်ပြီးနောက် ကြုံတွေ့ခဲ့ရသည့် ဆူနာမီဖြစ်စဥ်နှင့် နှိုင်းယှဥ်၍ရသော ဆူနာမီရေလှိုင်း တက်ရောက်နိုင်သည်ဟု ဆိုသည်။
သုတေသီများက ၂၀၀၉ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ အချက်အလက်များကို အခြေခံပြီး ရစ်ချ်တာစကေး (၄) သို့မဟုတ် ထို့ထက် ပိုမိုသည့် ငလျင်ဗဟိုချက် (၁၀၀) ကျော်၏ မြေပုံတစ်ခုကို အသုံးပြုပြီး ဆူနာမီရေလှိုင်းအမြင့်ကို အကဲဖြတ် တွက်ချက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၀၄ ခုနှစ်က ဒီဇင်ဘာလ (၂၆) ရက်နေ့က ဆူမာတြားကျွန်းရှိ အာချေးပြည်နယ်တွင် ရစ်ချ်တာစကေး (၉.၁) အဆင့်ရှိ ငလျင်ကြီး လှုပ်ပြီးနောက် ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့မှုကြောင့် အင်ဒိုနီးရှားတစ်နိုင်ငံတည်းတွင် လူ (၁၈၀,၀၀၀) ခန့် သေဆုံးခဲ့သည်။
၂၀၀၄ ခုနှစ်က ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့မှုကို အင်ဒိုနီးရှားအပြင် အိန္ဒိယ၊ မြန်မာ၊ မလေးရှား၊ မော်လ်ဒိုက်၊ ဆိုမာလီယာ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့တွင်လည်း ကြုံခဲ့ကြရသည်။
ထိုနိုင်ငံများတွင်လည်း ဆူနာမီကြောင့် အသေအပျောက်များရှိခဲ့ပြီး ၂၀၀၄ ခုနှစ် ဆူနာမီဖြစ်စဥ်ကြောင့် စုစုပေါင်း လူ (၂၂၀,၀၀၀) ကျော် သေဆုံးခဲ့ကြောင်း သိရသည်။
ထိုစဥ်က မြန်မာနိုင်ငံတွင် ဆူနာမီကြောင့် အနည်းဆုံး လူ (၆၀) သေဆုံးခဲ့သည်။
Source: Koydo News