အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ၎င်းရှုံးနိမ့်ခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ရန် ထိုစဥ် ဒုတိယသမ္မတဖြစ်သူ မိုက်ပင့်စ်အား ဖိအားပေးခဲ့ကြောင်းနှင့် ထိုသို့ လုပ်ဆောင်ခြင်းက တရားမဝင်ကြောင်း အကြိမ်ကြိမ် ပြောခဲ့သော်လည်း လက်မခံခဲ့ကြောင်း မိုက်ပင့်စ်၏ လက်ထောက်များက ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၆) ရက်နေ့ လွှတ်တော်အဆောက်အအုံ တိုက်ခိုက်ခံရမှု ဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးသည့် လွှတ်တော်ကော်မတီထံ ထွက်ဆိုခဲ့သည်။
၂၀၂၀ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် ဂျိုးဘိုင်ဒန် အနိုင်ရကြောင်း တရားဝင်အတည်ပြုရန် လွှတ်တော်တွင် မိုက်ပင့်စ်နှင့် အမတ်များ အစည်းအဝေးရှိရာ ၎င်းကိုထောက်ခံသည့် အကြမ်းဖက်လူအုပ်စုတစ်ခုက လွှတ်တော်အဆောက်အအုံကို ခြိမ်းခြောက်နေခဲ့ကြောင်း သိရှိထားသော်လည်း ထရမ့်က ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ရန် ဖိအားဆက်ပေးနေခဲ့သည်ဟု ဒီမိုကရက်တစ် ဦးဆောင်သော အောက်လွှတ်တော် စုံစမ်းစစ်ဆေးရေးကော်မတီ အဖွဲ့ဝင်များက ပြောသည်။
အဖွဲ့ဝင် (၉) ဦး ပါဝင်သည့် လွှတ်တော်ကော်မတီက ထရမ့်၏ ကြိုးပမ်းမှုများမှာ သာမန်နိုင်ငံရေးထက်ကျော်လွန်ပြီး ဥပဒေနှင့်ဆန့်ကျင်သည့် အပြုအမူမြောက်ကြောင်း အမှုတစ်ခုတည်ဆောက်ရန် ယခုလအတွင်း ပြုလုပ်သွားရန်ရှိသည့် ကြားနာမှု (၆) ခုအနက် ပထမ ကြားနာမှု (၃) ခုကို အသုံးပြုခဲ့ကြောင်း သိရသည်။
ထရမ့်က ၂၀၂၁ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် လွှတ်တော်အဆောက်အအုံ ဆူပူအုံကြွ စီးနင်းမှုကို ကြိုးကိုင်စီစဥ်ပြီး အာဏာသိမ်းရန်ကြိုးပမ်းခဲ့ကြောင်းလည်း လွှတ်တော်ကော်မတီ၏ ကြားနာမှုတစ်ခုတွင် စွပ်စွဲထားသည်။
ထရမ့်ကို ထောက်ခံသူများက အမေရိကန်လွှတ်တော်အဆောက်အအုံကို ဆူပူအုံကြွ စီးနင်းသည့်ဖြစ်ရပ်မှာ ရုပ်ဆိုးအကျည်းတန်သည့် ဖြစ်ရပ်တစ်ခုအဖြစ် ကမ္ဘာ့တဝန်းတွင် ဝေဖန်ပြောဆိုမှုများ ထွက်ပေါ်ခဲ့သည်။
ထိုဖြစ်ရပ်အတွင်း ရဲတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် လက်နက်မဲ့ အမျိုးသမီးတစ်ဦး အပါအဝင် လူ (၄) ဦး သေဆုံးခဲ့ပြီး ရဲအရာရှိ (၁၀၀) ကျော် ဒဏ်ရာရခဲ့သည်။
နောက်ပိုင်းတွင် အခြား ရဲအရာရှိ (၄) ဦးက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုကြောင့် သေဆုံးခဲ့သည်။
Source: Reuters, BBC