ဆိုင်ကယ် Taxi သမားအား အမျိုးအစားမသိ သေနတ်ဖြင့် မေ့လဲအောင် ပြုလုပ်ကာ ဆိုင်ကယ်လုယူခံရမှု တာချီလိတ်တွင် ဖြစ်ပွား

ဆိုင်ကယ် Taxi သမားအား အမျိုးအစားမသိ သေနတ်ဖြင့် မေ့လဲအောင် ပြုလုပ်ကာ ဆိုင်ကယ်လုယူခံရမှု တာချီလိတ်တွင် ဖြစ်ပွား
သြဂုတ် 11, 2018
By Tachileik News Agency


မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၀)ရက်နေ့ ညပိုင်းက ဆိုင်ကယ်တက္ကစီ ငှါးစီးသွားသည့် ခရီးသည်က တက္ကစီသမားအား ဂက်စ်သေနတ်ဟု ယူဆရသည့် လက်နက်ဖြင့် မေ့လဲစေရန် ပြုလုပ်၍ ဆိုင်ကယ်လုယူသွားသဖြင့် အမှုဖွင့်ထားပြီး ရွှေတာချီခရီး သွားလုပ်ငန်းမှလည်း သက်ဆိုင်ရာနှင့် ပူးပေါင်းကာ သတင်းအချက်အလက် စုံစမ်းနေကြောင်း သိရသည်။

"အခု လောလောဆယ်တော့ ကျွန်တော်တို့ ပုံလို့လမ်းဘက်မှာ ရောက်နေတယ်။ CCTV တွေလည်း ရသလောက် ရှာကြည့်နေတယ်၊ သေနတ်ဆိုပေမဲ့ ဂတ်စ်လေသေနတ်လား ဘယ်လိုသေနတ်လည်း ဆိုတာတော့ အတည်မပြုနိုင်သေးဘူး။ လူနာကတော့ ဆေးရုံမှာပဲရှိသေးတယ်၊ ဘာမှ မသိရသေးပါဘူး"ဟု ရွှေတာချီခရီးသွားလုပ်ငန်းမှ ပြန်ကြာရေးတာဝန်ခံ ကိုသက်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ သြဂုတ်လ(၁၁)ရက်နေ့ နံနက်ပိုင်းက ပြောသည်။

တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ နဂါးနှစ်ကောင်ဘုန်းကြီးကျောင်း ဆိုင်ကယ်တက္ကစီဂိတ်သို့ ၂၀၁၈ခုနှစ် သြဂုတ်လ (၁၀)ရက်နေ့ ည(၁၀)နာရီခွဲဝန်းကျင်တွင် အမည်မသိ လူငယ်တစ်ဦးက ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်မိုင်ရွာဘက်သို့ လိုက်ပို့ပေးရန် ဆို်င်ကယ်တက္ကစီလာငှါးခြင်းဖြစ်ရာ အဆိုပါ ဂိတ်မှ ရွှေတာချီခရီးသွားလုပ်ငန်း၏ အသင်းသားဖြစ်သူ ကိုဇော်လွင်ဦးမှ လိုက်ပါ ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အမည်မသိ ခရီးသည် လူငယ်က ဆိုင်ကယ်သွားရမည့် လမ်းကြောင်းအား အနောက်မှ လမ်းညွှန်ပေးခြင်းဖြစ်ပြီး ပုံလို့ လမ်းမကြီး အတိုင်း မောင်းနှင်စေကာ ဝမ်မိုင်ရွာရှိ မိုတယ်တစ်ခုသို့ သွားသည့် လမ်းကြားသို့ ကွေ့ဝင်စပြေီးနောက် ဟိုတယ်အနီးရှိ ခြံကွက်လပ် လူပြတ်သည့် နေရာအရောက်၌ ဆိုင်ကယ်တက္ကစီသမား၏ လည်ဂုတ်နားတွင် ပူခနဲ ဖြစ်သွားပြီး ဆိုင်ကယ် ပေါ်မှ ပြုတ်ကျကာ မေ့လဲသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတိပြန်ရချိန်တွင် အနီးတွင်၎င်း၏ ဆိုင်ကယ် မရှိတော့သဖြင့် တက္ကစီဂိတ်သို့ ဖုန်းဆက် အကြောင်းကြားရာ ဂိတ်မှ လုပ်ဖော်ကိုင်ဖက်များက လာရောက် ခေါ်ဆောင်ကာ တာချီလိတ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်တက္ကစီမောင်းသူမှာ လည်ပင်းတွင် ဒဏ်ရာရသွားပြီးနောက် တာချီလိတ်နာရေးကူညီမှုအသင်းက တာချီလိတ်ပြည်သူ့ဆေးရုံမှ တဆင့် ထိုင်းနိုင်ငံ မယ်ဆိုင်ဆေးရုံသို့ ပို့ဆောင်ပေးထားရကြောင်းနှင့် လိုင်စင်ပါသည့် SHN/7853 နံပါတ်ပါ Wave 110 ဖြူ/ပြာရောင် ဆိုင်ကယ်မှာ လုယူခံ လိုက်ရသဖြင့် တာချီလိတ်မြို့မ ရဲစခန်းတွင် (ပ) ၂၆၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ - ၃၉၄ ဖြင့် အမှုဖွင့်ကာ တရားခံအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net