***********
မကွေးတိုင်းဒေသကြီးအတွင်း ရုပ်ရှင်ရုံများ အဆင့်မြှင့်တင်ပေးခြင်းကို တိုင်းဒေသကြီးအစိုးရနှင့် မြန်မာ့ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာနတို့က ပူးပေါင်းဆောင်ရွက်နေပြီး (၄)ခုမြောက် အဆင့်မြင့် ရုပ်ရှင်ရုံအဖြစ် ချောက်မြို့ရှိ တော်ဝင်နန်းရုပ်ရှင်ရုံကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၂)ရက်နေ့တွင် ဖွင့်လှစ်ပေးလိုက်ကြောင်း သိရသည်။
အဆိုပါ ရုပ်ရှင်ရုံဖွင့်ပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး တက်ရောက်သည်ကို တွေ့ရသည်။
"ရုပ်ရှင်ရုံတွေ ရပ်နားထားရတာ တော်တော်ကြာခဲ့ပါပြီ။ အဆင့်မြင့် ရုပ်ရှင်ရုံတွေပြန်ဖြစ်လာဖို့ တိုင်း ဒေသကြီးအစိုးရအဖွဲ့နဲ့ မြန်မာ့ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာနက ကူညီပေးနေပါတယ်။ မကွေးတိုင်းအတွင်း ရုပ်ရှင်ရုံ (၉) ရုံ ပြန်လည်ဖွင့်လှစ်မှာဖြစ်ပြီး အခုဖွင့်တာက (၄) ရုံမြောက် ဖွင့်နိုင်တာပါ"ဟု မြန်မာ့ရုပ်ရှင်မြှင့် တင်ရေး ဦးစီးဌာန ဌာနခွဲမှူး ဦးလှကျော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အမှတ်(၁၀)ကွက်သစ် အရှေ့ရပ်ကွက်ရှိ အဆိုပါရုပ်ရှင်ရုံမှာ (၁၀)နှစ်ကျော် ရပ်နားထားခဲ့ရပြီးနောက် တော်ဝင်နန်းအဆင့်မြင့်ရုပ်ရှင်ရုံအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ယခင်က ချောက်မြို့မှ ရုပ်ရှင်ကြည့်လိုသူများအနေဖြင့် ကျောက်ပန်းတောင်းနှင့် ပခုက္ကူမြို့များသို့ သွားရောက်ကြည့်ရှုနေရခြင်းဖြစ်ကြောင်း သိရသည်။
“သူများမြို့တွေမှာ အဆင့်မြင့်ရုပ်ရှင်ရုံကြီးတွေရှိနေပြီး ကျွန်တော်တို့မြို့မှာ မရှိတော့ တခုတ်တရနဲ့ အဝေးကြီးသွားပြီး ကြည့်နေကြရတယ်။ အခုလို ကိုယ်မြို့မှာ ဒီလိုရုံကြီးရှိလာပြီဆိုတော့ ဂုဏ်လည်း ယူတယ်။ ဝမ်းလည်းသာတာပေါ့ဗျာ”ဟု မြို့ခံတစ်ဦးဖြစ်သူ ဦးကျော်မြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တော်ဝင်နန်း အဆင့်မြင့်ရုပ်ရှင်ရုံသစ်ကြီးတွင် ရုံဝင်ကြေး ကျပ်(၁၀၀၀)၊ကျပ်(၁၅၀၀)၊ ကျပ် (၂၀၀၀)နှင့် အထူးနှစ်ယောက်တွဲ ကျပ်(၅၀၀၀) ခွဲခြားသတ်မှတ်ထားပြီး တစ်နေ့လျှင် (၄)ပွဲ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း၊ဓာတ်ပုံ #ဖီးနစ်