*******
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ အမှတ် ( ၂ ) ရပ်ကွက်၊ နယ်မြေ (၂) ရှိ ကားရေဆေးဆီလိုက်ဆိုင်၏ စတိုခန်းအတွင်း ၂၀၁၉ ခုနှစ်၊ ဧပြီလ (၉) ရက်နေ့ နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားပြီး မီးလောင်ရသည့်အကြောင်းရင်းကို စစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။
"ရေဆေး၊ ဆီလိုက်လုပ်ငန်းလုပ်တဲ့ဆိုင်က အခန်းတစ်ခုအထဲမှာ မီးစလောင်တာ။ ဘာကြောင့် မီးစလောင်ရတယ် ဆိုတာတော့ မသိသေးဘူး။ အဲဒီမှာက ဆီတွေ၊ တာယာတွေလည်းရှိတော့ မီးကသိပ်မကြီးပေမဲ့ မီးခိုးလုံးကြီးတက်လာပြီး ဘေးပတ်ဝန်းကျင်နဲ့ အဲဒီဆိုင်က လူတွေ၊ မီးသတ်တွေ ဝိုင်းငြိမ်းလိုက်တာ ခဏနဲ့ပဲ မီးငြိမ်းသွားတယ်။ လူတွေ ဘာတွေထိခိုက်တာမတွေ့ဘူး" ဟု မီးလောင်မှုဖြစ်ပွားရာကို ကူညီငြှိမ်းသတ်ပေးခဲ့သည့် ကိုဇင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကန်တော်ဦး ရေဆေးဆီလိုက်ဆိုင်ရှိ ပေ (၂၀) ပတ်လည်ခန့် စတိုခန်းအတွင်း နံနက် (၁၀) နာရီခန့်က မီးစတင်လောင်ကျွမ်းပြီး (၁၀)နာရီ မိနစ်(၂၀)တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရပြီး မီးလောင်ဆုံးရှုံးမှုတန်ဖိုးနှင့် မီးလောင်ရခြင်းအကြောင်းရင်းတို့ကို မီးသတ်တပ်ဖွဲ့က စစ်ဆေးနေကြောင်း သိရသည်။
သတင်း၊ဓါတ်ပုံ # နေဖြိုးမြင့်