ကိုးကန့်ဒေသကို စားနပ်ရိက္ခာမဝင်နိုင်ရန် ဝ-တရုတ်နယ်စပ်ဂိတ်များကို တရုတ်ဘက်ကတင်းကြပ်

ကိုးကန့်ဒေသကို စားနပ်ရိက္ခာမဝင်နိုင်ရန် ဝ-တရုတ်နယ်စပ်ဂိတ်များကို တရုတ်ဘက်ကတင်းကြပ်

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေး စတင်လိုက်သည့်အချိန်ကစပြီး ကိုးကန့်ဒေသသို့ စားနပ်ရိက္ခာမဝင်နိုင်ရန် ဝ - တရုတ် နယ်စပ်ဂိတ်များကို တရုတ်ဘက်က ကုန်ပစ္စည်း အဝင်၊ အထွက် တင်းကြပ်လိုက်ကြောင်း ဒေသခံများထံမှ သိရ သည်။

ဝတပ်ဖွဲ့ ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နယ်စပ်ဂိတ်တစ်ခုဖြစ်သည့် မန်ခါးဂိတ်ကိုလည်း ပြီးခဲ့သည့်ရက်ပိုင်းတွင် တရုတ်ဘက်က တင်းကြပ်လာပြီး လက်ရှိတွင်ပိတ်ထားလိုက်ပြီဟု သိရသည်။ 

"မပိတ်ခင်ကတော့ တရုတ်ဘက်ကစာထုတ်တာတွေရှိတယ်။ အခု မုန်းအားနဲ့ ဆောဖားဂိတ်တွေကိုလည်း တင်းကြပ်ထားပြီ။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။ 

တရုတ်ဘက်က နမ့်တစ် - မန်ခါးဂိတ်တို့မှ ကုန်ပစ္စည်း အဝင်၊ အထွက်များ ပိတ်ပင်ထားသဖြင့် နမ့်တစ်၊ ဟိုပန်၊ ပန်လုံမြို့ဒေသခံများ အခက်အခဲဖြစ်နေသည်ဟု ဆိုသည်။ 

တရုတ်၏ ရည်ရွယ်ချက်မှာ ကိုးကန့်ဒေသကို စားနပ်ရိက္ခာ ဖြတ်တောက်လိုခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

"ကိုးကန့်ဒေသဘက်ကို စားနပ်ရိက္ခာတွေ တင်ပို့တာကို တားမြစ်ထားတယ်။ ကားပေါ်ပါလာတဲ့ ပစ္စည်းတွေအကုန်စစ်ဆေးတာ။"ဟု ဒေသခံတစ်ဦးက ပြောသည်။ 

လားရှိုးမြို့ MNDAA လက်အောက်ရောက်ပြီးနောက် တရုတ်နှင့် စစ်ကောင်စီတို့သည် (၄)ကြိမ်ထက်မနည်း အပြန်အလှန်တွေ့ဆုံခြင်းများရှိခဲ့သည်။ 

"လားရှိုးမှာ အလုပ်မရှိတော့ဘူး။ ထမင်းငတ်တော့မယ်ဆိုပြီး ဝပြည်ဘက်အလုပ်သွားရှာမလို့ လုပ်တော့လည်း ဂိတ်တွေကိုပိတ်ပြန်ပြီ။ အခုလည်း လားရှိုးမှာ ဘာမဆိုစျေးကြီး။ ကုန်ကအဟောင်းတွေ၊ လက်ကျန် တွေနဲ့တူတယ်။" ဟု လားရှိုးဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နယ်စပ်ဂိတ်များအပြင် အခြားလမ်းကြောင်းမှတဆင့် ကုန်သွယ်မှုများလာခြင်းကြောင့် ထိထိရောက်ရောက် ဖမ်းဆီးရန် ညွှန်ကြားထားခြင်းလည်း ရှိသည်။

#TachileikNewsAgency