မြန်မာနိုင်ငံအလယ်ပိုင်းအတွင်း ငလျင်ဒဏ်သင့်ဒေသများတွင် ၂၀၂၅ခုနှစ် ဧပြီလ (၁၁)ရက်နေ့ ည(၁၀)နာရီမှ နောက်(၂၄)နာရီအတွင်း မိုးများနိုင်သည်ဟု မိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေးထားသည်။
အဆိုပါဒေသများတွင် ရွာသွန်းနိုင်သော မိုးရေချိန်မှာ (၂၄)နာရီအတွင်း (၆၀)မီလီမီတာ (၂.၃၆)လက်မ အထိရွာနိုင်သည်ဟု ဆိုသည်။
ထို့အပြင် ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်တွေ၊ မြောက်ဦးနှင့် မင်းပြားဒေသတို့တွင်လည်း ဧပြီလ (၁၁)ရက်နေ့ ည(၁၀)နာရီမှ နောက်(၂၄)နာရီအတွင်း မိုးများနိုင်ကာ မိုးရေချိန် (၃၇)မီလီမီတာ (၁.၄၆)လက်မအထိ ရွာနိုင်သည်ဟု ဆိုသည်။
ကျန်ပြည်နယ်နှင့် တိုင်းတို့တွင် မိုးအနည်းငယ်မှ အသင့်အတင့်သာ ရွာနိုင်ကြောင်း ခန့်မှန်းထားသော်လည်း ရွေ့လျားဝင်ရောက်လာသော မိုးတိမ်များလမ်းကြောင်းနှင့် ထပ်တူကျတိုက်ဆိုင်ပါက နေရာကွက်ပြီး မိုးများနိုင်သည့်အပြင် လေပြင်းကျနိုင်သည့် အခြေအနေရှိသည်ဟု သိရသည်။
လက်ရှိဖြစ်ပေါ်နေသော ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း - အနောက်အလယ်ပိုင်းက အားကောင်းသော လေဖိအားနည်းရပ်ဝန်းမှာ အိန္ဒိယနိုင်ငံ မိုးလေဝသဌာန(IMD)မှ ယနေ့ ဧပြီလ(၉)ရက်နေ့ ထုတ်ပြန်ချက်အရ ပြောင်းလဲမှုမရှိဟု ဆိုသည်။
ယနေ့နံနက်ပိုင်းမှာ နောက်(၁၂)နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှတဆင့် မြောက်-အနောက်မြောက်ကို ဆက်ရွေ့မည်ဖြစ်ပြီး နောက်(၂၄)နာရီအတွင်း မြောက်-အရှေ့မြောက်ဘက်ကို ချိုးကွေ့ပြီး နောက်တစ်ရက်အတွင်း တဖြည်းဖြည်းအားလျော့သွားနိုင်သည်ဟု ခန့်မှန်းထားသည်။
#TachileikNewsAgency
Photo: U Win Naing