စစ်ကောင်စီက ယာယီ အပစ်ရပ်ကြောင်း ကြေညာလိုက်သော်လည်း   ဝိုင်းမော်တွင် လက်နက်ကြီး ပစ်ခတ်သံများ ဆူညံနေ

စစ်ကောင်စီက ယာယီ အပစ်ရပ်ကြောင်း ကြေညာလိုက်သော်လည်း   ဝိုင်းမော်တွင် လက်နက်ကြီး ပစ်ခတ်သံများ ဆူညံနေ

 စစ်ကောင်စီက ဧပြီလ (၂)ရက်နေ့မှစ၍ ယာယီအပစ်ရပ်မည်ဟု ကြေညာပြီးနောက် ဧပြီလ (၃)ရက်နေ့ နံနက်တွင် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း လက်နက်ကြီးသံများဖြင့် ဆူညံနေကြောင်း သိရသည်။

“မရပ်ပါဘူးကွာ။ အခုပစ်နေကြတာ တအုံးအုံး တဒုန်းဒုန်း (၁၅) မိနစ်လောက်ရှိပြီ”ဟု ဒေသခံ ဆရာတော်တစ်ပါးက ဧပြီလ(၃)ရက်နေ့ နံနက်(၇)နာရီခွဲကျော်တွင် အသိပေးထားသည်။

ဝိုင်းမော်တွင် ယနေ့နံနက် အစောပိုင်းက လက်နက်ကြီး ပစ်ခတ်သံများကို ဆက်တိုက်ကြားနေရသည်ဟု ဒေသခံများထံမှ သိရသည်။

ဝိုင်းမော်မြို့နယ်တွင် စစ်ကောင်စီတပ်များက မတ်လ (၁၇)ရက်နေ့ကတည်းက အင်အားဖြည့်တင်းကာ စစ်ရေးလှုပ်ရှားမှုများ လုပ်နေသဖြင့် မကြာခဏ တိုက်ပွဲများ ဖြစ်နေကြောင်း သိရသည်။

စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့ညပိုင်းတွင် ဧပြီလ (၂)ရက်နေ့မှ (၂၂)ရက်နေ့အထိ ငလျင်ဘေးကယ်ဆယ်ရေးအတွက် ယာယီအပစ်ရပ်ထားမည်ဟု ကြေညာချက်တစ်စောင် ထုတ်ခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းနှင့် မန္တလေးအနီးကိုဗဟိုပြု၍ မတ်လ (၂၈)ရက်နေ့က အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် မတ်လ (၂၉)ရက်နေ့တွင် NUG က လည်းကောင်း၊ ဧပြီလ (၁)ရက်နေ့တွင် AA၊ MNDAA နှင့် TNLA တို့ကလည်းကောင်း ငလျင်ဘေးကယ်ဆယ်ရေးအတွက် ယာယီအပစ်ရပ်ကြောင်း ကြေညာချက်များ ထုတ်ခဲ့သော်လည်း စစ်ကောင်စီက အဆိုပါ ယာယီအပစ်ရပ် ကမ်းလှမ်းချက်များအားလုံးကို ပယ်ချခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ဧပြီလ (၂)ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ဧပြီလ (၄)ရက်နေ့တွင် ကျင်းပမည့် ဘမ်းစတက်ထိပ်သီးဆွေးနွေးပွဲအား စစ်ကောင်စီခေါင်းဆောင်တက်မည်ဟု သတင်းများထွက်လာပြီးနောက် ယင်းနေ့ညပိုင်းတွင် စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာနက ယာယီအပစ်ရပ်ကြေညာချက် ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီက အပစ်ရပ်ကြေညာချက် ထုတ်ပြန်ပြီးသည်နှင့် KIO ကလည်း အပစ်ရပ်ကြေညာချက်ကို ထုတ်ပြန်လာပြီး KIA ဒုတိယဗိုလ်ချုပ် ဂွမ်မော်က စစ်ကောင်စီအနေဖြင့် ၎င်းတို့ကြေညာသည့် အပစ်ရပ်ကြေညာချက် စာပိုဒ် (၄)တွင် လက်နက်ကိုင် အဖွဲ့အစည်းများအား ရည်ညွှန်း ထုတ်ပြန်ချက်ပါ အချက်များအား ၎င်းတို့ကိုယ်တိုင်လည်း လိုက်နာရန်လိုအပ်သည်ဟု ထောက်ပြထားသည်။

စစ်ကောင်စီတပ်များသည် အင်အားပြင်းငလျင်ဘေး ကယ်ဆယ်ရေး လိုအပ်နေချိန်မှာပင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းကို ဆက်လက်လုပ်ဆောင်နေခဲ့ခြင်းဖြစ်သည်။