ငလျင်ဒဏ်သင့်နေချိန် စစ်ကောင်စီလေတပ်က မြောက်ဦးမြို့ပေါ် လူနေ ရပ်ကွက်ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် (၁)ဦး သေဆုံး 

ငလျင်ဒဏ်သင့်နေချိန် စစ်ကောင်စီလေတပ်က မြောက်ဦးမြို့ပေါ် လူနေ ရပ်ကွက်ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် (၁)ဦး သေဆုံး 

မြန်မာနိုင်ငံတွင် ငလျင်ဒဏ်သင့်ချိန် စစ်ကောင်စီလေတပ်သည် ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို ၂၀၂၅ခုနှစ် မတ်လ (၃၁)ရက်နေ့ ည (၈)နာရီကျော်တွင် ဗုံးကြဲတိုက်ခိုက်၍ ဒေသခံတစ်ဦး ထိမှန်သေဆုံးသည်ဟု ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီလေတပ်သည် ဂျက်ဖိုက်တာတစ်စီးဖြင့် မြောက်ဦးမြို့ အလယ်ဈေးရပ်ကွက်ကို Clusterဗုံး (ပဒေသာဗုံး)တစ်လုံး ကြဲချတိုက်ခိုက်ရာ ခြံအတွင်းလမ်းလျှောက်နေသည့် အသက်(၆၆)နှစ်ဝန်းကျင်ရှိ ဦးအောင်ကျော်ဇံ၏ ဦးခေါင်းကို ဗုံးစထိမှန်သွား၍ သေဆုံးသွားသည်ဟု သိရသည်။  

ယမန်နေ့ နံနက်ပိုင်းကလည်း ကျောက်ဖြူမြို့နယ်၊ ဝါးနက်ချွိန်ရွာအနီး ကျောက်ချထားသည့် စစ်ကောင်စီ၏ ရေတပ်က ဇင်ချောင်းကုန်ဘွေရွာကို လက်နက်ကြီး (၃)လုံး ပစ်ခတ်သဖြင့် ဘုန်းကြီးကျောင်း ဓမ္မာရုံ၊ အောင်မင်္ဂလာရပ်ကွက်နှင့် လမ်းမတို့ကို ကျရောက်ပေါက်ကွဲသည်ဟု သိရသည်။

ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကုန်ဘွေရွာမှ သက်တော်(၃၂)နှစ်ရှိ ဆရာတော် အသျှင်အာဒိစ္စနှင့် အဆိုပါရွာမှ အသက်(၃၀)အရွယ် ကိုဘဂျမ်းတို့ သေဆုံးသွားသည်။ 

ထို့အပြင် ဇင်ချောင်းကုန်ဘွေရွာမှ သက်တော်(၇၄)နှစ်ရှိ ဆရာတော်ကြီး အသျှင်ဇနိတ နှင့် သက်တော်(၁၂)ရှိ ကိုရင် သျှင်ဓမ္မာနန္ဒ အပြင် အသက်(၄၅)နှစ်ရှိ ဦးမောင်ထွန်းမြ၊ အသက်(၅၀)နှစ်ရှိ ဒေါ် သန်းသန်းအေး နှင့် အုန်းတောရွာမှ စစ်ဘေးရှောင်နေသည့် အသက်(၃၁)နှစ်အရွယ် မဖြိုးဖြိုးဝင်း၊ ကင်းပင် လယ်နားရွာသစ်မှ စစ်ဘေးရှောင် အသက်(၅၅)နှစ်အရွယ် ဒေါ် သိန်းဟန်နု၊ ဆင်တက်မော်ရွာသစ်ရွာမှ စစ်ဘေးရှောင် အသက်(၁၆)နှစ်ရှိ မခင်မြအေးတို့ ထိခိုက်ဒဏ်ရာရသည်ဟု သိရသည်။

#TachileikNewsAgency

Photo: AMP