မန္တလေးတိုင်း ပလိပ်မြို့ စျေးကွက်သစ်ရပ်ရှိ ပညာစံအိမ် ကိုယ်ပိုင်အထက်တန်းကျောင်း (၇)ထပ်ကျောင်းဆောင် ပြိုကျ၍ ပိတ်မိနေသူများကို ယနေ့ အထိ မကယ်ထုတ်နိုင်သေးဟု ဒေသခံများထံမှ သိရသည်။
၂၀၂၅ ခုနှစ် မတ်လ (၂၈)ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ပညာစံအိမ်ကိုယ်ပိုင်အထက်တန်းကျောင်း (၇)ထပ်ကျောင်းဆောင် ပြိုကျ၍ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ ပိတ်မိနေခြင်းဖြစ်သည်။
"တစ်ဦးတည်းသော အသက်ရှင်တဲ့ ဆရာမတောင် ကနေ့ညအထိ အပြင်ကို မကယ်နိုင်သေး။ အခြေအနေဆိုးပါတယ်။ ညနေခင်းအထိ မကယ်နိုင်သေးဘူး။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
ကျောင်းဆောင်အောက်တွင် ပိတ်မိနေသူများကို ကယ်ဆယ်ရေးပစ္စည်း စုံလင်စွာမရှိသည့်အတွက် ကယ်ဆယ်နိုင်ခြင်း မရှိသေးဟု ဆိုသည်။
"သိရသလောက် အရှင်ထွက်လာတာ မမြင်ရသေး။ ပိတ်မိသူဆိုတဲ့နေရာမယ် တခြားသူတွေက သေဖို့များပါတယ်။ တစ်ဦးတည်း အသက်ရှင်သူတောင် နေရာသိလျက်နဲ့ ကယ်မရသေးတာ။"ဟု ၎င်းကဆက်ပြောသည်။
ပိတ်မိနေသည့် ကျောင်းသား၊ ကျောင်းသူများမှာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် နွေအကြိုကျောင်းတက်နေသည့် ကျောင်းသားများဖြစ်သည်ဟု သိရသည်။
"လူဦးရေက သေတဲ့သူကိုက ဆယ်ဂဏန်းမို့ များတယ်လို့ပဲ သိထားတယ်။ ကျောင်းပတ်ဝန်းကျင်နေသူမဟုတ်တာရယ် အဲဒီနေ့က တချို့အတန်းတွေ နားတာရယ်ကြောင့် အတိအကျ မပြောတတ်ကြဘူး။"ဟု ၎င်းက ဆက်ပြောသည်။
အတည်မပြုနိုင်သေးသည့် သတင်းများအရ ဆရာမတစ်ဦးအပါ သေဆုံးသူ (၅)ဦးရှိပြီး ကျောင်းသူ (၂)ဦးကို ကယ်ထုတ်နိုင်ပြီဟု ဆိုသည်။
အင်းအားပြင်းငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ ပဲခူး၊ ရှမ်းပြည်နယ်တို့တွင် သေဆုံးသူ (၁၆၄၄)ဦးရှိလာပြီး ဒဏ်ရာရသူ (၃၄၀၈)ဦးကျော်ရှိကာ ပျောက်ဆုံးသူ (၁၃၉)ဦးရှိကြောင်း စစ်ကောင်စီက ယနေ့ ညပိုင်းတွင် ထုတ်ပြန်ထားသည်။
#TachileikNewsAgency
Photo: Internet