NUG ထိန်းချုပ်နယ်မြေတွင် ငလျင်ကြောင့် ၄၀ ဦးကျော်သေဆုံး

NUG ထိန်းချုပ်နယ်မြေတွင် ငလျင်ကြောင့် ၄၀ ဦးကျော်သေဆုံး

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) စိုးမိုးအုပ်ချုပ်နယ်မြေအတွင်း ငလျင်ဒဏ်ကြောင့် (၄၀)ဦး သေဆုံးရသည်ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၂၉)ရက်နေ့တွင် အသိပေးသည်။

NUG အုပ်ချုပ်နယ်မြေရှိ စစ်ကိုင်းမြို့နယ် အတွင်း (မြို့ပေါ်မပါ) (၁၈)ဦး၊ ရွှေဘိုမြို့နယ်အတွင်း (၂)ဦးနှင့် စဉ့်ကူးမြို့နယ်အတွင်း (၂၁)ဦး သေဆုံးခဲ့ရကာ ထိခိုက်ဒဏ်ရာရသူနှင့် ပျောက်ဆုံးနေသူများလည်းရှိနေသည်ဟု ဦးရည်မွန်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

ထို့အပြင် စစ်ကိုင်းတိုင်းအတွင်းရှိ  ဗလီတခုတွင် ဝတ်ပြုဆုတောင်းနေချိန် ငလျင်လှုပ်ခတ်မှုကြောင့် ဗလီအဆောက်အဦး ပြိုကျပြီး (၂)ဦးသေဆုံးကာ (၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာ  အမျိုးသားညီညွတ်ရေးအစိုးရမှ မြို့နယ် ပအဖ တာဝန်ရှိသူများမှ သေဆုံးဒဏ်ရာရသူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် မတ်လ(၂၈)ရက်နေ့ နေ့လယ်ပိုင်းက အင်အားပြင်းငလျင် လှုပ်ခတ်ခြင်းကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်တို့အပြင် ငလျင်ဒဏ်သင့် ဒေသများတွင် ထိခိုက်ပျက်စီးမှုများပြီး လူထိခိုက်သေဆုံးသူရှိနေသည်။ 

စစ်ကောင်စီ၏ ယနေ့နေ့လယ်ပိုင်းထုတ်ပြန်သောစာရင်းများအရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငလျင်ဒဏ်သင့် ခဲ့ရသည့် ဒေသများအားလုံး၌ သေဆုံးခဲ့ရသူ(၁၀၀၂)ဦး၊ ဒဏ်ရာရသူ(၂၃၇၆)ဦးနှင့် ပျောက်ဆုံးနေသူ(၃၀)ဦးရှိသည်ဟု ဖော်ပြသည်။

#TachileikNewsAgency