မိုင်းလား(NDAA)က ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် ကူညီလှူဒါန်းမည်ဟု ယနေ့ ၂၀၂၅ခုနှစ် မတ်လ (၂၉)ရက်နေ့တွင် ထုတ်ပြန်သည်။
ကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေးအတွက် လှူဒါန်းငွေများနှင့် ထောက်ပံ့ရေးပစ္စည်းများအား လိုအပ်သည့် နေရာများကို အရောက်ပို့နိုင်ရန် လုပ်ဆောင်နေသည်ဟု ဆိုသည်။
သဘာဝဘေးအန္တရာယ် ရိုက်ခတ်မှုဒဏ်ကြောင့် ထိခိုက်နစ်နာခဲ့ရသည့် တိုင်းရင်းသားပြည်သူများနှင့်ထပ်တူ ဝမ်းနည်းခံစားရသည်ဟုလည်း ထုတ်ပြန်ထားသည်။
ယမန်နေ့ကလည်း ငလျင်ဒဏ်သင့်ပြည်သူများကို "ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ငွေကျပ် သန်း (၂၀၀၀)လှူဒါန်းမည်ဟု ထုတ်ပြန်သည်။
၂၀၂၅ ခုနှစ် မတ်လ(၂၈)ရက်နေ့ နေ့လယ်ပိုင်းက အင်အားပြင်းငလျင် လှုပ်ခတ်ခြင်းကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်တို့အပြင် ငလျင်ဒဏ်သင့် ဒေသများတွင် ထိခိုက်ပျက်စီးမှုများပြီး လူထိခိုက်သေဆုံးသူရှိနေသည်။
မြန်မာနိုင်ငံအတွင်း ၂၀၂၅ခုနှစ် မတ်လ (၂၈)ရက်နေ့ မြန်မာစံတော်ချိန် နေ့လယ်(၁၂)နာရီ (၅၁)မိနစ် (၀၂)စက္ကန့်အချိန်က မန္တလေးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၂၁) ကီလိုမီတာခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မန္တလေးမြို့၏ အရှေ့ မြောက်ဘက် (၂၀) ကီလိုမီတာခန့်အကွာ)တွင် အင်အား ရစ်(ခ်)တာစကေး (၇.၇) အဆင့်ရှိသည့် အင်အားအလွန်ပြင်းထန်သော ငလျင်လှုပ်ခတ်သွားခြင်းဖြစ်သည်။
#TachileikNewsAgency