တာချီလိတ်မြို့ ပါလျှံ(၁)အတွင်း လမ်းကြားတွင် လမ်းလျှောက်လာသည့် အမျိုးသမီးငယ်တစ်ဦး ဓါးထောက် လုယက်ခံရ

တာချီလိတ်မြို့ ပါလျှံ(၁)အတွင်း လမ်းကြားတွင် လမ်းလျှောက်လာသည့် အမျိုးသမီးငယ်တစ်ဦး ဓါးထောက် လုယက်ခံရ

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ပါလျှံ(၁)ဈေးအနီး လမ်းကြားတွင် လမ်းလျှောက်လာသည့် အမျိုးသမီးငယ်တစ်ဦးကို ဆိုင်ကယ်ဖြင့် လာသည့် အမျိုးသားတစ်ဦးက အသက်အန္တရာယ်ခြိမ်းခြောက်ပြီး  ဓါးထောက် လုယက်သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်သည် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အတွင်း ပါလျှံ(၁)ဈေးအနီး အားပေါက်အိမ်ခန်းငှားလမ်းကြားဘက်တွင် ၂၀၂၅ခုနှစ် မတ်လ(၂၇)ရက်နေ့ ည(၇)နာရီ ဝန်းကျင်အချိန်က ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။

"ကောင်မလေးက လမ်းလျှောက်လာတာ။ ဓါးထောက်လုယက်သူက တစ်ဦးတည်းပဲ။ ဆိုင်ကယ်နဲ့ရောက်လာပြီး ကောင်မလေးလည်ပင်းကို ဓါးနဲ့ထောက်ပြီး ဝတ်ထားတဲ့ ရွှေထည်ပစ္စည်းတွေကို ချွတ်ခိုင်းပြီး ယူသွားတာ။ အော်ရင်သေမယ်လို့ ပြောပြီး ခြိမ်းခြောက်ပြောဆိုတာ။"ဟု ပါလျှံ(၁)ရပ်ကွက်တွင်းနေထိုင်သူ တစ်ဦးက Tachileik News Agency ကို မတ်လ(၂၈)ရက်နေ့တွင် ပြောပြသည်။

တာချီလိတ်မြို့တွင် လမ်းပေါ်၌ ဆိုင်ကယ်ဖြင့် ဖြစ်စေ၊ လမ်းလျှောက်၍ ဖြစ်စေ သွားလာသူများကို နေ့ရော ညပါ လုယက်သည့် ဖြစ်စဉ်များမှာ နေ့စဉ် ဖြစ်ပွားနေလျှက်ရှိသော်လည်း သက်ဆိုင်ရာများက ဖမ်းဆီးရမိခြင်း မရှိဖြစ်နေသည်။

"တာချီလိတ်မှာ ရဲနဲ့ပြည်သူ့စစ်တွေအနေနဲ့ ညပိုင်း နေရာတစ်နေရာတည်းမှာ စုပေါင်းစစ်တာထက် နေ့ရော ညပါ လမ်းကြားတွေမှာ ပတ်သွားတာမျိုး ကင်းလှည့်ရင် ပိုထိရောက်နိုင်တယ်။ ခိုးဆိုးလုယက်တွေကို တကယ် ဖမ်းမိချင်ရင်တော့ အဲ့နည်းနဲ့ ဆို ထိရောက်မယ်လို့ ယူဆတယ်။ အခုက ဖမ်းဆီးတာမလုပ်တော့ ပိုပြီး အတင့်ရဲလာနေတယ်"ဟု ဒေသခံ တစ်ဦးက အကြံပြုပြောဆိုသည်။

တာချီလိတ်မြို့၌ ဖြစ်ပွားနေသည့် လုယက်မှုများတွင် ပါဝင်လုပ်ဆောင်သည့် အဖွဲ့များသည် ဆိုင်ကယ်ဖြင့် ပတ်သွားကာ လုယက်လေ့ရှိပြီး ၎င်းတို့တွင် ဓါးများဆောင်ထားလေ့ရှိကြောင်း ယခင်ဖြစ်စဉ်များအရ သိရသည်။