"သူတို့က ဆေးရုံမှာ အိပ်မှာ၊ လူနာစောင့်ကတော့ အထောက်အထားနဲ့ ပြည့်စုံရင် လွှတ်ပါမယ်။ အပြန်ကျရင် ဂိတ်ကို သတင်းပို့ရင်ရတယ်။ ကျန်းမာရေးကိစ္စနဲ့တော့ Quarantine ဝင်စရာတော့မလိုဘူး။ ဒါပေမဲ့ သူက သတ်မှတ်ထားတဲ့ စည်းနဲ့ကမ်းနဲ့တော့ နေရမှာပေါ့။ ဆေးခန်းလာပြတယ်ဆိုရင် ဆေးခန်းလာပြတဲ့ စာရွက် ဂိတ်ကို ပြရမယ်။ ဂိတ်ကလွှတ်လိုက်မယ်။ နေ့ချင်းပြန် ဆေးခန်းပြတာလည်း တစ်ချို့ရှိတယ်။ ဒီဖက်မှာ ဆေးရုံလာတက်မယ်ဆိုရင် ဆေးရုံပြမယ်။ ပြပြီးရင်တော့ ပြန်တော့မယ်ဆိုတာကိုတော့ ကျွန်တော်တို့ ဂိတ်မှာ သတင်းပို့ရမယ်။ အဲ့ဒါတော့ ကျန်းမာရေးကိစ္စတွေဖြစ်လို့ ဖြေလျှော့ပေးထားပါတယ်"ဟု ကျိုင်းတုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဒီဇင်ဘာလ(၁)ရက်နေ့ နေ့လည်ပိုင်းက ပြောကြားထားခြင်း ဖြစ်သည်။
"တာချီလိတ်ကလာတယ်ဆိုရင် ဈေးဝယ်တို့၊ အလည်အပတ်တို့ လက်မခံဘူး။ အလုပ်တို့၊ ကိုယ့်နေရာကိုယ်ပြန်တာတို့ဆိုရင် facility quarantine ဝင်ရမယ်။ ဒါပေမဲ့ အလုပ်အကိုင်နဲ့ပတ်သက်လို့ တိတိကျကျဖေါ်ပြတဲ့ ရပ်ကွက် ထောက်ခံချက်လိုတယ်။ ရပ်ကွက်ရုံးက ထောက်ခံချက်လုပ်ပေးတဲ့အခါမှာ အလုပ်အကိုင် အတိအကျဖေါ်ပြပေးရမယ်။ ဥပမာ သူက ဖျော်ဖြေရေးလုပ်ငန်းမှာပဲလုပ်လုပ်၊ KTV မှာလား ရပ်ကွက်ကတော့ အဲဒါလေးကိုတော့ တိတိကျကျ ဖေါ်ပြပေးရမယ်။ အဲဒီတော့ ရပ်ကွက်ထောက်ခံစာတစ်ခုပဲလိုတယ်။ ကျန်းမာရေးထောက်ခံချက်ကတော့ မလိုဘူး။"ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးရဲနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ နိုဝင်ဘာလ(၂၉)ရက်နေ့က ပြောကြားထားသည်။