ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ပါတီပြန်လည်ထူထောင်သည့် (၃)နှစ်မြောက်နှစ်ပတ်လည်နေ့ကို တက်ရောက်လာသည့် အရာရှိနှင့် တပ်သားများမှာ စီးစရာ စစ်ဖိနပ်ပင်မရှိသည့် အခြေအနေရောက်နေသည်ကို ALP ပါတီ၏ ထုတ်ပြန်သော ဓာတ်ပုံများတွင် တွေ့ရသည်။
ALP ၏ အထင်ကရနေ့ဖြစ်သော ပါတီပြန်လည်ထူထောင်သည့် (၃)နှစ်မြောက်နှစ်ပတ်လည်နေ့ကို ၂၀၂၅ခုနှစ် မတ်လ(၂၀)ရက်နေ့ကစတင်၍ (၂၁)ရက်နေ့အထိ ရခိုင်ပြည်နယ် စစ်တွေမြို့၌ ပြုလုပ်ခဲ့ရာ အရာရှိများနှင့် တပ်သားများမှာ စီးစရာစစ်ဖိနပ်ပင်မရှိသည်ကို တွေ့ရသည်။
လူအင်အား(၁၀၀)ဝန်းကျင်သာရှိသည့် ALP ပါတီ ပြန်လည်ထူထောင်သည့် (၃)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနား၏ တချို့ပုံများမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသဖြင့် ALP ဖက်က ပြန်လည်ဖြုတ်ချလိုက်သည်ကိုလည်းတွေ့ရသည်။
ALP ၏ ထုတ်ပြန်ချက်တွင် NCA လက်မှတ်ထိုးထားသော EAO၊ စစ်ကောင်စီ၏ ပြည်နယ်အစိုးရ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှ ခေါင်ဆောင်များအားဖိတ်ကြား၍ လူ(၅၀၀)ခန့်ဖြင့်အခမ်းအနားတစ်ခုကို ပါတီပြန်လည်ဖွဲ့စည်းတည်ထောင်သည့်နေ့ မတ်လ(၅)ရက်နေ့တွင် ကျင်းပရန်ရည်ရွယ်ခဲ့သည်ဟု ဆိုသည်။
သို့သော်လည်း စစ်ရေးအခြေနေကြောင့် မူလအစီအစဥ်ကို ဖျက်သိမ်းခဲ့ရကာ ပါတီနှင့် တပ်ပြန်လည်ဖွဲ့စည်းကြောင်းကြေငြာခဲ့သည့် မတ်လ (၂၀)ရက်နေ့တွင် အခမ်းအနားကို ပါတီမှရဲဘော်တချို့ဖြင့် အဖြစ်သဘောသာ လျင်မြန်စွာ ပြင်ဆင်ကျင်းပခဲ့ရသည်ဟု ရေးသားထားသည်ကို တွေ့ရသည်။
ဒေါ်စောမြရာဇာလင်းဦးဆောင်သည့် ALP တပ်သည် ရခိုင်ပြည်တွင်း ပြည်သူလူထုယုံကြည်မှုကျဆင်းနေပြီး စစ်ကောင်စီနှင့်လည်း မကြာခဏတွေ့ဆုံကာ ငြိမ်းချမ်းရေးဆွေးနွေးနေသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်(၁၇)မြို့နယ်ရှိသည့်အနက် (၁၄)မြို့နယ်ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထားပြီး စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့သာကျန်ရှိတော့သည်။
#TachileikNewsAgency
Photo:ရခိုင်ပြည်လွတ်မြောက်ရေးပါတီ- စည်းရုံးရေးနှင့်ပြန်ကြားရေးဌာန